တိုက်ပွဲကြောင့် ထားဝယ်မှ ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရ

ထားဝယ် အရှေ့တောနယ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနှင့် မိုင်းအန္တရာယ်တို့ကြောင့် ဒေသခံများမှာ ကွမ်းသီးခြံသို့သွားလာရန် စိုးရိမ်မှုများရှိနေကြသည်။

By Admin 23 Jan 2023

တိုက်ပွဲကြောင့် ထားဝယ်မှ ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရ

 

DMG ၊ ဇန်နဝါရီ ၂၃

တိုက်ပွဲဖြစ်ပွားပြီး သွားလာရေးခက်ခဲခြင်းကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်အရှေ့တောဒေသမှ ကွမ်းသီးစိုက်တောင်သူများမှာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

ထားဝယ် အရှေ့တောနယ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနှင့် မိုင်းအန္တရာယ်တို့ကြောင့် ဒေသခံများမှာ ကွမ်းသီးခြံသို့သွားလာရန် စိုးရိမ်မှုများရှိနေကြသည်။

“တိုက်ပွဲတွေက ကွမ်းသီးခြံတွေရှိတဲ့ တောဘက်မှာ အဖြစ်များတယ်။ သူတို့(စစ်ကောင်စီတပ်) လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လှမ်းပစ်တာတို့လုပ်လာရင် ခြံထဲသွားမရတော့ဘူး။ တိုက်ပွဲတွေ ပြီးသွားရင်တောင် ခြံအနီးတဝိုက်ကို မိုင်းတွေထောင်သွားသေးတယ်။ ကံကောင်းလို့ မိုင်းမနင်းမိတာ။ ဒါကြောင့် ကွမ်းခြံသမားတို့၊ ကွမ်းသီးစိုက်တဲ့သူတွေဆို အခုထိ ခြံထဲမဆင်းရဲကြဘူး”ဟု ကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။

ထားဝယ်-ထီးခီး လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်များစွာဖွင့်လှစ်ကာ စစ်ဆေးရေး တင်းကြပ်ထားခြင်းကြောင့်လည်း ကွမ်းသီးစျေးနှုန်းများမှာ မတည်ငြိမ်ဖြစ်နေရသည်ဟု ကွမ်းသီးစိုက်တောင်သူများက ဆိုသည်။

“ကွမ်းသီးစျေးတွေက မနှစ်ကထက်ပိုပြီး စျေးနည်းတယ်။ စစ်တပ်တွေက လမ်းတစ်လျှောက်ကို ဂိတ်တွေဖွင့်ပြီး တင်းကျပ်လိုက်တယ်။ ဂိတ်က စစ်သားတွေကိုလည်း ငွေကြေးပေးရတာရှိတယ်။ အဲတော့ စျေးနှုန်းမငြိမ်တော့ဘူး။ ကွမ်းသီးစိုက်တဲ့သူ အကုန်ရှုံးကြတယ်”ဟု ဗျောတောဝကျေးရွာမှ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က ဒေသအတွင်း ကွမ်းသီးဈေးနှုန်းမှာ တစ်ကီလိုလျှင် ၄၇၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာမှ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ၄၀၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းကျဆင်းလာနေကြောင်း ထားဝယ်ရှိ ကွမ်းသီးအရောင်းဒိုင်များမှ သိရသည်။

ဝကုန်းဒေသခံ အမျိုးသမီးတစ်ဦးက “ကွမ်းသီးစျေးတွေ ထိုးကျတဲ့အတွက် ကုန်ကျစရိတ်တွေ အကုန်ထိတယ်။ အလုပ်သမား စရိတ်တွေဆိုလည်း မပေးနိုင်ဘူး။ အခုအနေအထားနဲ့က ကွမ်းသီးစိုက်တဲ့သူ အနည်းအများကို အကုန်ထိခိုက်တဲ့ အနေအထားဖြစ်ကုန်တယ်”ဟု ပြောသည်။

ထားဝယ်အရှေ့တောနယ်ဒေသရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ ဗျောတောဝ စစ်ဆေးရေးဂိတ်၊ သဗျာစစ်ဆေးရေးဂိတ်၊ ၈ မိုင်စစ်ဆေးရေးဂိတ်၊ ပကာရီရဲစခန်းစစ်ဆေးရေးဂိတ်၊ ကျောက်မဲတောင် စစ်ဆေးရေးဂိတ်နှင့် မေတ္တာစစ်ဆေးရေးဂိတ်တို့ရှိသည်။

#F004

ဗီဒီယိုများ