နယ်ဘက်မှ ကွမ်းတင်ပို့မှု လျော့နည်းသဖြင့် စစ်တွေတွင် ကွမ်းဈေးတက်

စစ်တွေကွမ်းရွက်ဈေးကွက်ကို ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်များက အဓိက တင်ပို့နေကြခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသဖြင့် စစ်တွေမြို့သို့ ကွမ်းတင်ပို့မှု နည်းပါးနေခြင်းဖြစ်ကြောင်း ကွမ်းရောင်းချသူများကပြောသည်။

07 Aug 2019

စိုးအောင် /DMG

 သြဂုတ်လ ၆၊ စစ်တွေ

ရခိုင်ပြည်နယ်၊စစ်တွေမြို့ကို  နယ်တွေဘက်မှ ကွမ်းတင်ပို့မှု လျော့နည်းသဖြင့် ကွမ်းရွက်ဈေး မြင့်တက်နေကြောင်း ကွမ်းရောင်းချနေသူများက ပြောသည်။

စစ်တွေကွမ်းရွက်ဈေးကွက်ကို ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်များက အဓိက တင်ပို့နေကြခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသဖြင့် စစ်တွေမြို့သို့ ကွမ်းတင်ပို့မှု နည်းပါးနေခြင်းဖြစ်ကြောင်း ကွမ်းရောင်းချသူများကပြောသည်။

“မိုးရာသီဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးအတွက် အဆင်မပြေဘူး ပေါ့နော်။ အဓိကလည်း သွားရလာရတာ အဆင်မပြေ၊ အလုပ်သမားတွေ ရှာရတာရှားတယ်။ အကြောင်းကြောင်းကြောင့်ပဲ အကုန်လုံး သက်ဆိုင်သွားတယ်ပေါ့” ဟု စစ်တွေဈေးအတွင်း ကွမ်းပွဲရုံလုပ်ကိုင်သူ ကိုသန်းအောင်က ပြောသည်။ 

တစ်ဖက်တွင်းလည်း ဒေသတည်ငြိမ်မှု မရှိခြင်းကြောင့် သွားလာရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေသည့်အတွက် နယ်ဘက်မှ ကွမ်းတင်ပို့မှု နည်းပါးခြင်းဖြစ်သည်ဟုလည်း ပြောဆိုကြသည်။

ယခင်က ကွမ်းတစ်ပိဿာကို ကျပ် ၆၀၀၀ နှုန်းဖြင့်ဝယ်ယူခဲ့ရာမှ ပြီးခဲ့သည့် အပတ်ကစတင်ကာ ကျပ် ၈၀၀၀ အထိပေးပြီး ဝယ်ယူနေရကြောင်းလည်း ကွမ်းပွဲရုံများကပြောသည်။ ကွမ်းဈေးတက်သွားသဖြင့် ကွမ်းပွဲရုံများမှ တစ်ဆင့် ဝယ်ယူရောင်းချနေကြသူများမှာလည်း အခက်အခဲဖြစ်ကြောင်း ကွမ်းယာရောင်းချတစ်ဦးကဆိုသည်။

“ဘယ်လိုများ အခက်အခဲလဲလို့ ပြောရမယ်ဆိုရင် ကွမ်းတွေက အနာတွေ တအားပါတယ်။ နောက်ပြီး ပိုက်ဆံပေးလို့ဝယ်ရတာလည်း အဆင်မပြေဘူး။ နောက်ပြီး တချို့တွေမှာ ရောင်းဝယ်လို့ပြီးရင် အခက်အခဲနှင့် ကြုံလို့ ကွမ်းတွေဝယ်လာတယ်ဆိုရင် ဒီနေရာမှာရောင်းလို့မထွက်ဘူး။  သူများတွေကဈေးပိုတယ်။ ဈေးချိုတယ်လာတယ်။  လုံးဝ အကုန်လုံးက ဒါတွေကို ကြုံနေရတယ်” ဟု စစ်တွေဈေးတွင်း ကွမ်းရောင်းချသူ တစ်ဦးကဆိုသည်။

 ရခိုင်ပြည်နယ်၊မြောက်ပိုင်းမှာ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များတွင် ကွမ်းကို အဓိက စိုက်ပျိုးကြကြောင်းလည်း သိရသည်။

 

ဗီဒီယိုများ