ရမ်းဗြဲ ပိန္နဲတောင်ကားလမ်း ပျက်စီးနေ၍ ဒေသခံများ အခက်တွေ့

စက်တင်ဘာလ ဒုတိယအပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုကြောင့် ပိန္နဲတောင် - ရမ်းသစ်ကြီး ကွန်ကရစ်လမ်းမှာ ပြိုကျအက်ကွဲသွား၍ သွာလာရေး အခက်ကြုံနေရခြင်းဖြစ်သည်။

By Admin 21 Sep 2024

အက်ကွဲပျက်စီးသွားသည့် ပိန္နဲတောင်- ရမ်းသစ်ကြီး ကားလမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ယက် 
အက်ကွဲပျက်စီးသွားသည့် ပိန္နဲတောင်- ရမ်းသစ်ကြီး ကားလမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ - လူမှုကွန်ယက် 

DMG ၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ ပိန္နဲတောင် - ရမ်းသစ်ကြီးကားလမ်း ပျက်စီးနေသဖြင့် ဒေသခံများမှာ သွားလာရေးအခက်အခဲနှင့် ကြုံတွေ့နေကြောင်း သိရသည်။

စက်တင်ဘာလ ဒုတိယအပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုကြောင့် ပိန္နဲတောင် - ရမ်းသစ်ကြီး ကွန်ကရစ်လမ်းမှာ ပြိုကျအက်ကွဲသွား၍ သွာလာရေး အခက်ကြုံနေရခြင်းဖြစ်သည်။ 

“လမ်းက အလယ်နားလောက်ကနေ အကြောင်းလိုက်ကွဲသွားတယ်။ ကားတွေက သွားလို့ မရတော့ဘူး။ ဆိုင်ကယ်တော့ ဘေးက ကပ်သွားလို့ရပါတယ်။ နောက်ထပ် မိုးများရင်တော့ ထပ်ပြီး မြေနိမ့်နိုင်ပြီး အခုထက်ပိုဆိုးနိုင်တယ်” ဟု ကျောက်ဆောက်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ 

ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် မအီမြို့သို့ ဆက်သွယ်ထားသည့် ပိန္နဲတောင် - ရမ်းသစ်ကြီး ကားလမ်းမှာ ရမ်းဗြဲမြို့နှင့် ၉ မိုင်ခန့်ကွာဝေးကာ မြို့အရှေ့မြောက်ဘက်တွင် ရှိသည်။ 

အဆိုပါကားလမ်းကို ကျောက်ဆောက်၊ ရမ်းသစ်ကြီး၊ ရမ်းသစ်ချေ၊ လက်ပံ၊ ချောင်းလယ်၊ စစ်ပြား၊ ဖက်ကျက် စသည့် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံများ အသုံးပြုသွားလာနေကြခြင်းဖြစ်သည်။ 

လက်ရှိတွင် ကားလမ်းပျက်စီးနေ၍ ကုန်ပစ္စည်းဝယ်ယူရန် ကုန်ဘောင်ကျေးရွာမှတစ်ဆင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အထိ လှည့်ပတ်ကာ မအီဘက်သို့ သွားလာနေကြရသည်ဟု ဒေသခံများက ပြောသည်။
 
“လမ်းမကနေ မသွားရတော့ လမ်းခရီးကြာတဲ့အပြင် ငွေပိုကုန်တယ်။ ပတ်သွားနေရတော့ ဆီဈေးကလည်းကြီး၊ အချိန်လည်းကြာဆိုတော့ လုံးဝအဆင်မပြေဘူး” ဟု ရမ်းသစ်ကြီးကျေးရွာမှ ကုန်သည်တစ်ဦးက ပြောသည်။ 

ထို့ကြောင့် ပျက်စီးနေသည့် ကားလမ်းကို သက်ဆိုင်ရာအာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ 

ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်တွင် သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဗျူဟာကြောင့် ဒေသခံများမှာ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။