- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
ကိုဗစ်ကာလ စစ်တွေမြို့ရှိ ရပ်ကွက်အချို့တွင် စည်ပင်အမှိုက်သိမ်းကား မရောက်
ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရပ်ကွက်အချို့၌ စည်ပင်သာယာရေး အဖွဲ့မှ အမှိုက်သိမ်းကားများ နေစဉ်မရောက်သဖြင့် အမှိုက်စွန့်ပစ်ရန်အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
10 Oct 2020
မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၀ ၊ စစ်တွေ
ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရပ်ကွက်အချို့၌ စည်ပင်သာယာရေး အဖွဲ့မှ အမှိုက်သိမ်းကားများ နေစဉ်မရောက်သဖြင့် အမှိုက်စွန့်ပစ်ရန်အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် နေ့စဉ်ပုံမှန် မနက်ပိုင်း ၇ နာရီကျော်အချိန်တွင် အမှိုက်သိမ်းရန် ရောက်ရှိနေသည့်စည်ပင်ကား မရောက်ရှိသည်မှာ ၁ လခန့်ကြာမြင့်နေပြီဖြစ်သည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူ ဦးလှရွှေမောင်ကပြောသည်။
“ကျနော်တို့ရပ်ကွက်ကို စည်ပင်ကားမရောက်တာဟာ ၁ လလောက်ရှိပါပြီ။ ဘာကြောင့် မရောက်တာလည်း တော့မသိဘူး၊ ကျနော်တို့မှာ အမှိုက်တွေကိုစုပြီးတော့ အငှားပစ်ခိုင်းပါတယ်။ တခြားသူတွေမှာလည်း အဲလိုပဲ အငှားပစ်ခိုင်းတယ်။ ဘယ်နားကိုသွားပစ်ကြလည်းဆိုတာ ကျနော်တို့လည်းမသိဘူး” ဟု ၎င်းကဆိုသည်။
ထိုနည်းတူ ရူပမြောက်ရပ်ကွက်တွင်လည်း ယခင်က တစ်ရက်လျှင်တစ်ကြိမ်ရောက်နေသည့် စည်ပင်မှ အမှိုက်သိမ်းကားမှာ လက်ရှိတွင် တစ်ပတ်လျှင် ၁ ကြိမ်သာရောက်ရှိသည်ဟု ဒေါ် မနုခိုင်ကပြောသည်။
“စည်ပင်ကား မလာတဲ့နေ့ဆိုရင် အိမ်ရှေ့မှာစုထားတယ်။ တခါတလေဆိုရင် ၃ ရက်လောက်လည်း ကြာသွား တာရှိတယ်။ အဲ့ဒါဆိုရင် ကျမတို့က ကိုယ်ဘာသာသွားပစ်လိုက်တယ်။ အခုဆိုရင် အပြင်ထွက်ဖို့ ကဒ်ပြားပါမှ သွားရတော့မယ်ဆိုတော့ အမှိုက်ကားတွေ နေ့တိုင်းမလာရင်တော့ အခက်အခဲတွေလည်းဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။
ယင်းပြင် စည်ပင်အမှိုက်သိမ်းကားမရောက်ရှိသည်မှာ ငါးလခန့်ကြာမြင့်နေပြီး အနီးအနားရှိ ဘုန်းတော်ကြီး ကျောင်း ကွင်းပြင်သို့ အမှိုက်များကိုသွားပစ်နေရကြောင်း လမ်းမတော်မြောက်ရပ်ကွက်မှ မဝေမြင့်ထက်က ပြောသည်။
“အဲလိုတွေစုပြီး များလာရင်တော့ အနီးအနားကဒေသခံတွေလည်း ကျန်းမာရေးထိခိုက်လာနိုင်တယ်ပေါ့နော်။ အဲတာကြောင့် ကျမတို့ရပ်ကွက်ကိုလည်း စည်ပင်ကားတွေလာရောက်စေချင်တယ်။ အမှိုက်ကိုလည်း ဗရမ်း ဗတာမပစ်စေချင်ဘူး။ mask တွေဆိုရင်လည်း လမ်းမှာပြန့်ကြဲနေတာတွေကိုတွေ့ရတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးကမူ အမှိုက်သိမ်းကားများကို ပုံမှန်အတိုင်းသာလွှတ်ပေးထားကြောင်း တုံ့ပြန်ပြောဆိုသည်။
“တကယ်လို့ ပုံမှန်ရောက်နေကျရပ်ကွက်တွေမှာ ပျက်ကွက်တာတွေရှိတယ်ဆိုရင်လည်း ကျနော်တို့ကို ၂၄ နာရီ အချိန်မရွေးဖုန်းခေါ်ပြီးပြောနိုင်ပါတယ်။ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားတာလည်းရှိပါတယ်” ဟု ၎င်းကဆိုသည်။
သို့သော် အချို့နေ့ရက်များတွင် အမှှိုက်သိမ်းယာဉ်များပျက်ခြင်း၊ ကားဘီးပေါက်ခြင်း စသည့် စက်ပစ္စည်းချို့ယွင်း ချက်များရှိနိုင်ပြီး ယင်းအချိန်မျိုးတွင် အမှိုက်သိမ်းမော်တော်ယာဉ် မရောက်နိုင်ခြင်းများလည်းရှိနိုင်သည်ဟု ၎င်းကဆက်ပြောသည်။