- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ကျောက်ဖြူဒေသခံများနှင့် အဆက်အသွယ်မရ
ဒီဇင်ဘာ ၁၃ ရက်က ကျောက်ဖြူ - ရန်ကုန် ကားလမ်းဘေးရှိ ကန္ဒီးကျေးရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျောင်းဝေယာဝစ္စလုပ်ကိုင်နေသော လူငယ် (၇) ဦးကို ဖမ်းဆီးသွားခဲ့သည်။
16 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၆
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးတင်းမာနေသည့် ကျောက်ဖြူမြို့မှာ စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရသည့် ဒေသခံများနှင့် လုံးဝအဆက်သွယ်မရ ဖြစ်နေကြောင်း သိရသည်။
ဒီဇင်ဘာ ၁၃ ရက်က ကျောက်ဖြူ - ရန်ကုန် ကားလမ်းဘေးရှိ ကန္ဒီးကျေးရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျောင်းဝေယာဝစ္စလုပ်ကိုင်နေသော လူငယ် (၇) ဦးကို ဖမ်းဆီးသွားခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ကိုမောင်မောင်ဌေး၊ မောင်ဇင်လင်းထက်၊ ကိုဝင်းမိုးအောင်၊ ကိုမောင်မျိုးဝင်းဦး၊ ကိုကျော်မင်းထွန်း၊ ကိုတင်လင်း၊ ကိုမောင်မောင်အောင် တို့ ဖြစ်သည်။
“စစ်သား ၁၀ ကျော် သေနတ်ကိုင်ပြီး ဝင်လာတယ်။ ပြီးတော့ ဆွမ်းစားနေတဲ့ သူတို့ကို ဖမ်းသွားတာ။ အသက်မပြည့်သေးသူတွေလည်းပါတယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းပို့၊ ဆွမ်းစား ဝေယာဝစ္စလုပ်နေသူတွေကို ဘာကြောင့်နဲ့ ဘယ်ကိုခေါ်သွားမှန်းလည်း မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကန္ဒီးကျေးရွာအနီးတွင် ကျောက်ဖြူရဲတပ်ရင်း (အမှတ် ၃၂) မှ ဖြန့်ကျက်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲကင်းစခန်းများလည်း ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းအပြင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာမှ ဒေသခံ (၅)ဦး ထက်မနည်းကိုလည်း စစ်ကောင်စီက ယခုလအတွင်း ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ အဆက်သွယ်မရ ဖြစ်နေကြောင်း သိရသည်။
လက်ရှိ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက ရေကြောင်းဖြင့် အင်အားဖြည့်တင်းနေပြီ၊ မြို့ပေါ်ရပ်ကွက်များ၌ နေ့ညအချိန်မရွေး အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းများ ပုံမှန်လုပ်ဆောင်နေသည်။
အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသည့် ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာမှ ဒေသခံ ၄ ဦးနှင့်လည်း ထောင်ချခံရချိန်မှစ၍ အဆက်သွယ်မရ ဖြစ်နေသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ဖုန်းလိုင်းလည်းမရ၊ လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေဘူး။ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိရတော့ မိသားစုတွေက စိုးရိမ်တာပေါ့။ ထောင်ချလိုက်တယ်လို့ သိရတဲ့နောက်ပိုင်း လုံးဝ အဆက်သွယ်မရတော့တာ” ဟု ၎င်းက ပြောသည်။
DMG ၏ အချက်အလက်များအရ စစ်ကောင်စီသည် ယခုတိုက်ပွဲကာလအတွင်း ကျောက်ဖြူမြိုနယ်မှ ဒေသခံ ၂၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၉၀ ဦး ထက်မနည်းမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ဖမ်းဆီးခံထားရသူများထဲတွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများနှင့် အသက် မပြည့်သေးသည့် ကလေးသူငယ်များ ပါဝင်ပြီး အများစုမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ (၂) တို့ ဖြင့် တရားစွဲဆိုခံထားရသည်။