- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
AA က ၎င်းတို့ ထိန်းချုပ်ဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေ
ကျောက်တော်မြို့နယ်တွင် ရန်ကုန် - စစ်တွေကားလမ်းရှိ ပျက်စီးနေသည့်လမ်းပိုင်းများနှင့် ရွာချင်းဆက်လမ်းများကို အာရက္ခတပ်တော်က ဦးဆောင်ပြီး ပြုပြင်မှုများ လုပ်ဆောင်နေသည်။
25 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၅
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲကာလ စစ်ကောင်စီဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် လမ်းတံတားများနှင့် စစ်ကောင်စီလက်ထက် ပြုပြင်ထိန်းသိမ်းခြင်း မရှိသည့် လမ်းတံတားများကို ပြုပြင်ခြင်းများအပြင် ဝေးလံခေါင်ဖျားဒေသများတွင် ကျန်းမာရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကျောက်တော်ဒေသခံတစ်ဦးက “ကျနော်တို့မြို့နယ်မှာ အေအေက အုပ်ချုပ်ရေးလုပ်ငန်း လည်ပတ်နေသလို၊ အရင် စစ်ကောင်စီလက်ထက်က ပျက်စီးကျန်ရစ်ခဲ့တဲ့ လမ်းတံတားတွေကိုလည်း ပြန်ပြီးပြုပြင်နေကြတာတွေ ရှိတယ်။ သူတို့ရရှိတဲ့ အခွန်ငွေတွေနဲ့ ရပ်ရွာဖွံ့ဖြို့ရေးကဏ္ဍတွေမှာ အသုံးချလာတာဖြစ်တယ်” ဟု ပြောသည်။
ကျောက်တော်မြို့နယ်တွင် ရန်ကုန် - စစ်တွေကားလမ်းရှိ ပျက်စီးနေသည့်လမ်းပိုင်းများနှင့် ရွာချင်းဆက်လမ်းများကို အာရက္ခတပ်တော်က ဦးဆောင်ပြီး ပြုပြင်မှုများ လုပ်ဆောင်နေသည်။
ပုဏ္ဏားကျွန်း - ရသေ့တောင် ကားလမ်းမတစ်လျှောက် ပျက်စီးနေသည့် လမ်းပိုင်းများကိုလည်း အောက်တိုဘာလမှစ၍ ပြန်လည်ပြုပြင်နေသဖြင့် သွားရေးလာရေး ပိုမိုအဆင်လာပြေကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းပိုင်းက စစ်ကောင်စီ အာဏာသိမ်းကတည်းက ပြုလုပ်မှုမရှိဘဲ ရပ်တန့်နေတာဖြစ်တယ်။ မိုးရာသီဆိုရင် လမ်းကအရမ်းဆိုးတယ်။ သွားလို့မရဘူး။ အခု အေအေက အဲဒီလမ်းပိုင်းကို ပြန်ပြီးပြုပြင်နေတာတွေရှိတော့ သွားရလာကြရတာ အရမ်းအဆင်ပြေတယ်” ဟု ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲကာလ စစ်ကောင်စီဖျက်ဆီးခဲ့သည့် တံတားများကို ပြန်လည်ပြုပြင်နေခြင်းများရှိကြောင်း သိရသည်။
AA သည် ရခိုင်ပြည်အတွင်း ကျန်နေသေးသည့်မြို့နယ်များကို သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေပြီး တစ်ဖက်တွင် သိမ်းပိုက်ထိန်းချုပ်ပြီး မြို့နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသခံဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကာ တော်လှန်ရေးနှင့် ပြန်လည်ထူထောင်ရေးကို တစ်ပြိုင်နက်တည်းသွားနေသည်။
“ဒီလိုလုပ်ဆောင်မှုတွေက ကောင်းပါတယ်။ တော်လှန်ရေးလည်းပြီး၊ ပြန်လည်ထူထောင်ရေးကလည်း အတော်အသင့်ခရီးရောက်နိုင်တယ်။ အခုက တော်လှန်ရေးအစိုးရအဆင့်ပဲ ရှိသေးတာကြောင့် သူတို့မှာလည်း အားနည်းချက် ရှိကောင်းရှိမယ်။ ဒါပေမဲ့ အစိုးရတစ်ရပ် တာဝန်ယူရမယ့် Municipal (စည်ပင်) လုပ်ငန်းအကုန်လုံးကို သူတို့ လုပ်နေတာတွေ့ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကြာမြင့်လာပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုတို့ကြောင့် နေအိမ်အဆောက်အအုံ အပါအဝင် လမ်းတံတားပျက်စီးမှု အများအပြား ရှိသည်။