မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် EU က ယူရို ၁၅ သန်း ထောက်ပံ့

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူများ၏ အစားအသောက်၊ အမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့တွင် အသုံးပြုသွားမည်ဖြစ်ပြီး မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက်လည်း ထပ်မံကူညီပေးသွားမည်ဟု ဆိုသည်။ 

By Admin 21 Jun 2024

မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် EU က ယူရို ၁၅ သန်း ထောက်ပံ့

DMG ၊ ဇွန် ၂၁ 

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် ယူရို ၁၅ သန်း ထောက်ပံ့ပေးသွားမည်ဟု ဥရောပသမဂ္ဂ(EU) က ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။ 

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူများ၏ အစားအသောက်၊ အမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့တွင် အသုံးပြုသွားမည်ဖြစ်ပြီး မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက်လည်း ထပ်မံကူညီပေးသွားမည်ဟု ဆိုသည်။ 

ယင်းအစီအစဉ်ထဲတွင် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များလည်း ပါဝင်ကြောင်း ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းကြားတွင် ပြည်သူ ၁၈.၆ သန်း အကူအညီလိုအပ်နေသည်။ ထိုအကျပ်အတည်းများကို သက်သာရာရစေရန်အတွက် EU က ကူညီထောက်ပံ့မှု နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိပြီး ယခုနှစ်တွင် ယူရို ၃၆ သန်းထိရှိပြီဖြစ်ကြောင်း ဆိုသည်။ 

နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေသူ ၃ သန်းကျော်ထိရှိလာပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေး၊ ပညာရေး စသည့် အခက်အခဲများကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။ 

စစ်ရေးပဋိပက္ခပြင်းထန်နေသော မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ဦးတည်အကြမ်းဖက်မှု တိုးလာနေသဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဉပဒေကို လေးစားလိုက်နာကြရန် ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။