- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၀ ကျော်ရှိ
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၃၈၆ ဦးရှိပြီး ယင်းအထဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၂ ဦး အထိရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)၏ သြဂုတ်လ (၁၀)ရက်နေ့အထိ စာရင်းအရ သိရသည်။
13 Aug 2020
ခင်သရဖီဦး | DMG
သြဂုတ် ၁၃ ၊ စစ်တွေ
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၃၈၆ ဦးရှိပြီး ယင်းအထဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၂ ဦး အထိရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)၏ သြဂုတ်လ (၁၀)ရက်နေ့အထိ စာရင်းအရ သိရသည်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၄၂)ဦးနှင့် နိုင်ငံရေးပါတီ(၁၈)ခုမှ ကိုယ်စားလှယ်လောင်း (၃၄၄) ဦးတို့မှာ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားကြခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော် ၃၄ နေရာတွင် လျှောက်ထားသူ ၂၀၈ ဦး၊ ပြည်သူ့လွှတ်တော် ၁၇ နေရာတွင် လျှောက်ထားသူ ၁၀၃ ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် လျှောက်ထားသူ ၆၆ ဦးနှင့် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် လျှောက်ထားသူ ၉ ဦးအထိရှိသည်။
တစ်သီးပုဂ္ဂလအဖြစ် လျှောက်ထားသူ(၄၂)ဦးထဲတွင် ပါတီမှနှုတ်ထွက်ခွင့်မရသည့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြင်ပမှ မျက်နှာသစ်လူများလည်း ပါဝင်သည်။
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ရခိုင်အမျိုးသားပါတီ(ANP)မှ နှုတ်ထွက်ခွင့်မရသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။
“အဓိကတော့ ANP က နှုတ်ထွက်ခွင့်မပေးဘူးဆိုတဲ့ အကြောင်းအရာကြောင့် တစ်သီးပုဂ္ဂလဖြစ်သွားတာပါ” ဟု ၎င်းကပြောသည်။
အလားတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း ANP ပါတီမှ နှုတ်ထွက်ခွင့်မရ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
လက်ရှိရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဦးမြသန်းကလည်း လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။
“တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ်ဆိုတာကတော့ ကျနော့်ကို အမ်းဒေသခံတွေက အမ်းဒေသရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့အတွက် ဒီမှာလာပြီး အရွေးခံပါဆိုပြီး ပြောလာတာကြောင့် ပြည်သူတွေအားနဲ့ ဝင်ပြိုင်မှာ ဆိုတော့ အခက်အခဲမရှိပါဘူး”ဟု ဦးမြသန်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် မဲရုံစုစုပေါင်း ၂၅၉၆ ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ဆယ့်ခြောက်သိန်းလေးသောင်းကျော် ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါး နေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းလျက်ရှိနေသည်။