- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လေကြောင်းဗုံးကြဲခံရမှုကြောင့် မြေပုံ၊ ကမ်းထောင်းကြီးတွင် အမျိုးသမီးတစ်ဦးသေဆုံး
စစ်ကောင်စီသည် ကမ်းထောင်းကြီးမြို့တွင်းသို့ ဂျက်ဖိုက်တာဖြင့် ယနေ့နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကမ်းထောင်းကြီးဆေးရုံနှင့် စာသင်ကျောင်း ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
03 Jan 2025
DMG ၊ ဇန်နဝါရီ ၃
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ယနေ့ (ဇန်နဝါရီလ ၃ ) တွင် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ကမ်းထောင်းကြီးမြို့တွင်းသို့ ဂျက်ဖိုက်တာဖြင့် ယနေ့နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကမ်းထောင်းကြီးဆေးရုံနှင့် စာသင်ကျောင်း ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
“ညဉ့်အချိန်လာပြီး ဗုံးကြဲတာ။ တစ်ကြိမ်နဲ့တစ်ကြိမ် ၁၅ မိနစ်လောက်ခြားပြီး နှစ်ခါလာကြဲတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ လူလည်း တစ်ယောက်သေသွားတယ်” ဟု ကမ်းထောင်းကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်မှ အသက် ၇၀ နှစ်အရွယ် ဒေါ်မသိန်းဖြစ်ပြီး ပြင်းထန် ဒဏ်ရာများဖြင့် အရေးပေါ်ဆေးကုသမှုခံနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက “ စစ်ကောင်စီက ရခိုင်မှာရှိတဲ့ မြို့တွေကို အရပ်သားတွေ အကြောက် တရားဝင်အောင် တမင်ဗုံးကြဲနေတာ။ AA က သိမ်းထားတဲ့နယ်မြေကို ငါတို့ ဒီလိုလုပ်နိုင်ပါတယ်ဆိုပြီး ခြိမ်းခြောက်နေတာ။ လက်နက်အားကိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး လူတွေကို သတ်ဖြတ်နေတာဖြစ်တယ် ” ဟု ပြောသည်။
မြေပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးသူ ၅၃ ဦးအထိ ရှိခဲ့ကြောင်း DMG ၏ စာရင်းများအရ သိရသည်။
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်တွင်း မြို့နယ် ၁၇ ခု ရှိသည့်အနက် မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အသင့်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားပြီး နောက်ပိုင်းတွင် စစ်ကောင်စီသည် ရခိုင်ဒေသကို ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင် နေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။
ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ နေရာ၊ ပြည်သူပိုင်အဆောက်အအုံ များအား မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက် ရှိနေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရ သည်။