စစ်ကောင်စီပစ်ခတ်မှုကြောင့် ကျောက်ဖြူနှင့် မြေပုံတွင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရ 

ရခိုင်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ဖြူနှင့် မြေပုံမြို့နယ်တို့မှ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

By Admin 12 Jun 2024

စစ်ကောင်စီပစ်ခတ်မှုကြောင့် ကျောက်ဖြူနှင့် မြေပုံတွင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရ 

DMG ၊ ဇွန် ၁၂

ရခိုင်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ဖြူနှင့် မြေပုံမြို့နယ်တို့မှ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဒဏ်ရာရသူများမှာ ကျောက်ဖြူမြို့နယ်၊ မီးကျောင်းတက်ရွာမှ အသက် ၈၂ အရွယ် ဒေါ်ရွှေခင်နုနှင့် မြေပုံမြို့နယ်၊ အင်ကြင်းကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဒေါ်ဝင်းဝင်းသန်း တို့ဖြစ်သည်။

“ကျေးရွာအနီးဝန်းကျင်ကို လက်နက်ကြီး သုံးလုံးလောက်ပစ်ခဲ့တယ်။ အဲ့ဒီထဲတစ်လုံးက ကျေးရွာထဲ ပေါက်ကွဲပြီး ဒဏ်ရာရသွားခဲ့တာ” ဟု မြေပုံဒေသခံတစ်ဦးက ပြောသည်။ 

ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် အမ်းအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ အင်ကြင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ ဒဏ်ရာပြင်းထန်မှုကြောင်း နီးစပ်ရာဆေးခန်းတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

အလားတူ ယမန်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ရွာ၌ အခြေစိုက်ထားသော စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ မီးကျောင်းတက်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

“အိမ်အနီး လက်နက်ကြီးကျပေါက်ကွဲတာမှာ သူ့ခေါင်းမှာ လက်နက်ကြီးကျည်စထိပြီး ဒဏ်ရာရသွားတာ။ အခုတော့ ဆေးကူးသမှုယူနေပါတယ်” ဟု ကျောက်ဖြူမြို့နယ်က ဒေသခံတစ်ဦးကပြောသည်။
စစ်ရေးအရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ရခိုင်တွင် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။ 

စစ်ရေးအခြေအနေများကို သုတေသနပြုနေသည့် ဖယ်ဒရယ်ဂျာနယ်၏ အစီရင်ခံစာအရ ပြီးခဲ့သည့်လအတွင်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲ၊ မြေမြှုပ်မိုင်း၊ မတရားသတ်ဖြတ်မှုနှင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား (၁၁၈ )ဦးကျော်သေဆုံးခဲ့ပြီး ရခိုင်တွင် (၆၅ )ဦးကျော်ဖြင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။

ဗီဒီယိုများ