ရခိုင်အရေး ကုလပြောဆိုချက် တရားမျှတမှုနှင့် သမာသမတ်ကျမှုအပေါ် AA မေးခွန်းထုတ်  

အာရက္ခတပ်တော်က မောင်တောင်နှင့် ဘူးသီးတောင်မြို့ကို သိမ်းပိုက်ရေးစစ်ဆင်ရေးတွင် လေးလကျော်အတွင်း မွတ်ဆလင်အပါအဝင် သောင်းချီနှင့်ချီသောပြည်သူများ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

By Admin 26 Aug 2024

AA ကယ်ထုတ်ထားသော မောင်တောဒေသခံများအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်။
AA ကယ်ထုတ်ထားသော မောင်တောဒေသခံများအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်။

DMG ၊ ဩဂုတ် ၂၆

ရခိုင်ပြည်တွင်း အခြေအနေများနှင့် ပတ်သက်၍ ကုသသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး၏ ပြောဆိုချက်များကို အာရက္ခတပ်တော်(AA) က မေးခွန်းထုတ်လိုက်သည်။ 

မဟာမင်းကြီးပြောဆိုချက်များတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ARSA၊ RSO၊ ARA နှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက ရခိုင်ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုနှင့် မတရားဖမ်းဆီးငွေညှစ်မှု၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှုအပြင်  မုဒိမ်းကျင့်မှု၊ ဒေသခံများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးမှု စသည့် ရာဇဝတ်မှုမျိုးစုံကျူလွန်းထားခြင်းကို ဖုံးကွယ်ထားသည်ကို တွေ့ရကြောင်း AA က ဝေဖန်သည်။ 

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ကုလမဟာမင်းကြီးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့တရားမျှတမှုနဲ့ သမာသမတ်ကျမှုအပေါ်မှာ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဒီလိုတဖက်သတ် ဘက်လိုက်လုပ်ဆောင်မှုတွေဟာ ကုလလူ့အခွင့်အရေးမဟာမင်းကြီးရုံးအပေါ်မှာ ရခိုင်ပြည်သူတွေရဲ့ ယုံကြည်မှုကို အများကြီး လျော့ကျစေပါတယ်” ဟု ပြောသည်။

ယင်းသို့ တစ်ဖက်သတ် ဘက်လိုက်မှုများသည် ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော မွတ်ဆလင်ဒုက္ခသည်ပြဿနာနှင့် အကျပ်အတည်းများကို ဖြေရှင်းရန်အတွက်လည်း အထောက်အကူ မဖြစ်နိုင်ကြောင်း AA က ပြောသည်။

အာရက္ခတပ်တော်က မောင်တောင်နှင့် ဘူးသီးတောင်မြို့ကို သိမ်းပိုက်ရေးစစ်ဆင်ရေးတွင် လေးလကျော်အတွင်း မွတ်ဆလင်အပါအဝင် သောင်းချီနှင့်ချီသောပြည်သူများ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (UNHRO) က ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်တစ်လျှောက်၌ ဩဂုတ်လ ၅ ရက်နေ့တွင် မွတ်ဆလင်ဒါဇင်နှင့်ချီသေဆုံးခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် မည်သည့်အဖွဲ့အစည်းက တာဝန်ရှိသည်ကို တိတိကျကျမသိရသေးကြောင်း ဆိုထားသည်။ 

လူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာတာ့ခ်က “အေအေက အရပ်သားတွေကို မလုံခြုံတဲ့နေရာတွေမှာ နေရာချထားမှုတွေကြောင့် ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေ ခြေလျင်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်” ဟု ဆိုသည်။ 

စစ်ကောင်စီနှင့် AA တို့သည် မွတ်ဆလင်များအပေါ် တရားလက်လွတ်သတ်ဖြတ်မှု၊ ခေါင်းဖြတ်မှု၊ ပြန်ပြေးဆွဲခြင်း၊ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း၊ ဒရုန်း၊ အမြောက်များဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည်တို့ကို လုပ်ဆောင်ကာ ဆိုးရွားသည့် လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ကုလထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မွတ်ဆလင်အပါအဝင် ပြည်သူသောင်းနှင့်ချီ ထွက်ပြေးရမှုနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် AA တွင် တာဝန်ရှိပြီး အရပ်သားများအပေါ် တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ပြီး ပဋိ့ပက္ခအတွင်း ထွက်ပြေးနေရသူများကို အကာအကွယပေးရမည်ဟု ဗော်လ်ကာတာ့ခ်က ပြောထားသည်။

ယင်းအပြင် နေရပ်စွန့်ခွာနေကြသူများအတွက် လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန်လည်း အာမခံချက် ပေးရမည်ဟု ကုလက တောင်းဆိုထားသည်။ 

မောင်တောမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မကြာမီကာလတွင် မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း AA က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

မောင်တောမြို့နှင့် မြို့အနီးကျေးရွာများတွင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသည့် လူသောင်းနှင့်ချီကို AA က ဘေးလွတ်ရာသို့ ကယ်ထုတ်ထားပြီး လူသားချင်းစာနာမှုအကူအညီများကို လုပ်ဆောင်ပေးလျက်ရှိသည်။