- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းသည့် မည့်သည့် နိုင်ငံသားများကိုမဆို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။
21 Nov 2024
DMG ၊ နိုဝင်ဘာ ၂၁
ရခိုင်ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေလုပ်သားများကို AA ၏ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် လက်ထဲသို့ မကြာခဏ လွှဲပြောင်းပေးနေရကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်နေ့က ရခိုင်ရေပိုက်နက်အတွင်း ငါးခိုးဖမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေအစီး ၆၀ ခန့်ကို AA က ဖမ်းဆီးရာတွင် ငါးဖမ်းလှေ ၁၅ စီးနှင့် ရေလုပ်သား ၂၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းတို့အား နှစ်ရက်ကြာစစ်ဆေးမှုပြုလုပ်ပြီးနောက် ရခိုင်ရေပိုင်နက်ထဲသို့ နောက်ထပ် ကျူးကျော်ငါးဖမ်းခြင်း မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးပြီးမှ နိုဝင်ဘာလ ၇ ရက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် လက်ထဲကို လွှဲပြောင်းပေးခဲ့သည်။ ယင်းအပြင် ငါးဖမ်းလှေ ၁၅ စီးထဲမှ ၇ စီးကိုလည်း နိုဝင်ဘာ ၂၀ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း AA ၏ နိုဝင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ငါးဖမ်းလှေလွှဲပြောင်းမှု ကြန့်ကြာနေခြင်းမှာ မောင်တောဒေသအတွင်း စစ်ရေးပြင်ထန်မှုနှင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိထားနေရသဖြင့် ကျန်ရှိနေသေးသည့် ကျန်ငါးဖမ်းလှေ ၈ စီးကိုလည်း လုံခြုံရေး အာမခံချက်ရချိန်တွင် ဆက်လက် လွှဲပြောင်းပေးသွားမည်ဟု ဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စက်လှေများသည် မောင်တောမြို့နယ်၊ နတ်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရခိုင်ရေပိုင်နက်ထဲသို့ ဝင်ရောက်ငါးဖမ်းမှုများ နေ့စဉ်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ်အပိုင် စိန့်မာတင်ကျွန်းနှင့် မောင်တောကမ်းခြေကြားတွင် စစ်ကောင်စီနေဗီများ ရှိနေပြီး ဘင်္ဂလာဒေ့ရှ်ငါးဖမ်းလှေများကို မသိမသာခွင့်ပြုထားကြောင်း မောင်တောဒေသခံများက ပြောသည်။
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာသားတစ်ဦးက “ရခိုင်တိုက်ပွဲစဖြစ်ကတည်းက စစ်ကောင်စီက ပင်လယ်ပြင်ငါးဖမ်းခွင့်ကို ပိတ်ထားတာ။ ပင်လယ်ပြင်မှာ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောက ရှိနေသေးတာကြောင့် ရခိုင်လူမျိုးတွေက ငါးဖမ်းခွင့်မရှိဘူး။ ဒါပေမဲ့ ဘင်္ဂလာက စစ်လှေတွေ ခိုးဖမ်းကြတာကျတော့ မသိဟန်ဆောင်ထားတယ်” ဟု ပြောသည်။
ရခိုင်ရေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ပြီး ငါးခိုးဖမ်းနေသူများအား ပြစ်ဒဏ်ပေးခြင်း မရှိဘဲ ပြန်လွတ်ပေးနေခြင်းမှာ ၎င်းတို့၏ မိသားစုစားဝတ်နေရေး ကျပ်တည်းမှုကို ထောက်ထားငဲ့ညှာမှုနှင့်အတူ AA နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကြား နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှုတွင် ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဖြစ်သည်ဟု AA က ပြောထားသည်။
ရခိုင်စစ်ရေးအကဲခတ်တစ်ဦးက “အာရက္ခတပ်တော်က ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်၊ မောင်တောကို အပြည့်အဝ မထိန်းချုပ်နိုင်ချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ အခွင့်ကောင်းယူပြီး ရခိုင်ပိုင်နက်ထဲကျူးကျော်ပြီး ငါးခိုးဖမ်းကြတာဖြစ်တယ်။ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရဖက်က AA ရဲ့ နယ်စပ်ကာကွယ်နိုင်မှုအပေါ် အကဲစမ်းနေတာလို့ မြင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း နတ်မြစ်အတွင်းမှာ ရခိုင်ရေပိုင်နက်ကို ကျူးကျော်ပြီး ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ဖမ်းဆီးစစ်ဆေးပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းသည့် မည့်သည့် နိုင်ငံသားများကိုမဆို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသွားမည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း နခခ(၅) မြို့သူကြီးကို AA က တိုက်ခိုက်နေဆဲဖြစ်ပြီး ပင်လယ်ပြင် နယ်စပ်လုံခြုံရေးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။