- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
မောင်တော နခခ (၅) ကို AA ပြန်လည်ထိုးစစ်ဆင်
နခခ (၅) စခန်းသိမ်းတိုက်ပွဲသည် အောက်တိုဘာ နောက်ဆုံးအပတ်တွင် လျော့ကျခဲ့သော်လည်း ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည် ပြင်းထန်လာခြင်းဖြစ်သည်။ လက်ရှိတွင် AA ထိုးစစ်သည် နခခ (၅) နှင့် နီးကပ်လာနေပြီး ၄ ဖာလုံခန့်သာ ကွာဝေးတော့သည်။
04 Nov 2024
DMG ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်၊ မောင်တောမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်ရဲတပ်ဖွဲ့(ခွဲ) နခခ (၅) ကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်တွင် အာရက္ခတပ်တော်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
AA ထိုးစစ်ကြောင့် ယမန်နေ့ ည ၇ နာရီခွဲခန့်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“AA ထိုးစစ်ကတော့ မနေ့က ပြန်စတယ်။ စတင်တိုက်ခိုက်လို့ စစ်ကောင်စီကလည်း လေကြောင်းအားကိုးနဲ့ ခုခံတာပေါ့။ ဒါပေမယ့် စစ်ကောင်စီဖက်က အကျအဆုံးများတယ်လို့ သိရတယ်” ဟု မြေပြင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
နခခ (၅) စခန်းသိမ်းတိုက်ပွဲသည် အောက်တိုဘာ နောက်ဆုံးအပတ်တွင် လျော့ကျခဲ့သော်လည်း ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည် ပြင်းထန်လာခြင်းဖြစ်သည်။ လက်ရှိတွင် AA ထိုးစစ်သည် နခခ (၅) နှင့် နီးကပ်လာနေပြီး ၄ ဖာလုံခန့်သာ ကွာဝေးတော့ကြောင်း သိရသည်။
စစ်ကောင်စီကလည်း နခခ (၅) မကျဆုံးရေး Y12 လေယာဉ်ဖြင့် စက်လက်နက်ပစ္စည်းနှင့် ရိက္ခာများ ဖြည့်တင်းနေသည့်အပြင် ကင်းထောက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်နေလာပြီး ကြောက်လန့်စိတ်များဖြင့် နေထိုင်နေရကြောင်း မောင်တောဒေသခံများက ပြောကြသည်။
“မနေ့က တနေကုန် ဗုံးလာကြဲနေတော့ ဘယ်သူမှ မအိပ်ရဲကြတော့ဘူ။ တချို့ ဒေသခံတွေဆိုရင် တောတောင်တွေမှာ သွားအိပ်ကြတာတွေ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ အောက်တိုဘာ ၃ ရက်က မောင်တောမြို့နယ်၊ ပြားသားကျေးရွာကို လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် ၄ ဦး သေဆုံးပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် ၂ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
မောင်တောမြို့သိမ်းတိုက်ပွဲကို AA က ပြီးခဲ့သည့် ဩဂုတ် ၄ ရက်မှစကာ ဆင်နွဲနေခြင်းဖြစ်ပြီး မောင်တောမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် နခခ (၅) တစ်ခုသာ ကျန်ရှိတော့သည်။