ငှက်ဖျားနှင့် တုပ်ကွေးကြောင့် မွတ်ဆလင်များ အသက်သေဆုံးမှုရှိနေ 

ကျောက်တော်မြို့နယ်၊ ဝကင်း (မွတ်ဆလင်)ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်သုံးဦးမှာ ငှက်ဖျား၊ တုပ်ကွေးဖြစ်ပွားပြီး ငွေကြေးအခက်အခဲကြောင့် ဆေးဝါးအချိန်မီမကုသနိုင်သဖြင့် သေဆုံးသွားခဲ့သည်။

By Admin 30 Jul 2024

ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကလေးငယ်များအား ယခုလအတွင်း တွေ့ရစဉ်။ 
ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကလေးငယ်များအား ယခုလအတွင်း တွေ့ရစဉ်။ 

DMG ၊ ဇူလိုင် ၃၀

ရခိုင်ပြည်အတွင်း ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် နေထိုင်ကြသော မွတ်ဆလင်များမှာ ငှက်ဖျားနှင့် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ဆေးဝါးပြတ်လပ်မှုနှင့် ငွေကြေးအခက်ခဲကြောင့် အသက်သေဆုံးမှုရှိနေကြောင်း သိရသည်။ 

ကျောက်တော်မြို့နယ်၊ ဝကင်း (မွတ်ဆလင်)ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်သုံးဦးမှာ ငှက်ဖျား၊ တုပ်ကွေးဖြစ်ပွားပြီး ငွေကြေးအခက်အခဲကြောင့် ဆေးဝါးအချိန်မီမကုသနိုင်သဖြင့် သေဆုံးသွားခဲ့သည်။ 

“သူတို့သုံးယောက်က အခုလအတွင်းမှာပဲ ဆုံးသွားတာ။ အဓိက ဆေးကုဖို့ပိုက်ဆံမရှိလို့။ ဆေးဝါးတွေကလည်း ရှားတယ်။ စရိတ်ကလည်းကြီးတော့ မတတ်နိုင်ဘူး” ဟု ဝကင်းကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။  

ဝကင်းကျေးရွာတွင် ကလေးငယ်နှင့် သက်ကြီးပိုင်းအားလုံးနီးပါးမှာ ငှက်ဖျား၊ တုပ်ကွေးဖြစ်ပွားနေပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများပေးရန် လိုအပ်နေသည်။ 

မြောက်ဦးမြို့နယ်မှ မွတ်ဆလင်ကျေးရွာများ၌လည်း ငှက်ဖျား၊ တုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးပြတ်လပ်မှုနှင့် ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေကြရသည်။ 

ကူးစက်ရောဂါများဖြစ်၍ အချိန်မီဆေးကုသမှု မရရှိပါက ရောဂါပြင်းထန်စွာ ဖြစ်ပွားလာမည်ကို မွတ်ဆလင်များက စိုးရိမ်နေကြသည်။ 

“ခြင်တွေက အရင်နှစ်တွေထက် အများကြီးတိုးလာတယ်။ နေ့ခင်းဘက်လည်းကိုက်တယ်။ အခု ကလေးအများစု တုပ်ကွေးဖြစ်နေကြတယ်။ ဒီရောဂါတွေက အသက်သေဆုံးမှုလည်းရှိတော့ စိုးရိမ်နေရတယ်” ဟု မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ငှက်ဖျားနှင့် တုပ်ကွေးမှာ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်ပြီး မိုးတွင်းကာလ ပတ်ဝန်းကျင် မသန့်ရှင်းမှုများကြောင့် ခြင်ပေါက်ဖွားမှုများသဖြင့် ရောဂါဖြစ်ပွားမှုနှုန်းလည်း တိုးလာနေခြင်းဖြစ်သည်။ 

ငှက်ဖျားရောဂါလက္ခဏာသည် ရောဂါပိုးရှိသောခြင်ကိုက်ခံရပြီး ၁ဝ ရက်မှ ၁၅ ရက်အတွင်းပြသပြီး အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ကာ အချိန်မီမကုသပါက ရောဂါပြင်းထန်မှုနှင့်အတူ အသက်သေဆုံးနိုင်သည်။ 

“အခုအခြေအနေက အလုပ်တွေလည်း အဆင်မပြေကြတော့ စားသောက်ဖို့တောင် မတတ်နိုင်ကြဘူး။ ဒီကြားထဲ နေမကောင်းဖြစ်ရင် ဆေးဝယ်သောက်ဖို့အတွက် ငွေမတတ်နိုင်ကြတာများတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ ဆေးကုသမှုအကူအညီတွေ ပေးစေချင်တယ်” ဟု ကျောက်တော်မြို့နေ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် လမ်းခရီးပိတ်ဆို့မှု နောက်ဆက်တွဲအဖြစ် ကုန်စည်၊ ဆေဝါးပြတ်လပ်မှု ကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ကြုံနေကြရသည်။