- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ရခိုင်က NLD ပါတီဝင်ဟောင်းတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ဦးဇော်ဝင်းမြင့်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
20 Dec 2023

ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၆ နာရီခန့်က ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်အနီး တစ်နေရာတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်တပ်တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့တော့ ကြားတယ်။ နိုင်ငံရေးသမားတွေကို ဖမ်းဆီးလာတာက ပြည်သူတွေကို အကြောက်တရားသွင်းတာဖြစ်တယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။
ဦးဇော်ဝင်းမြင့်မှာ အမ်းမြို့နယ်ဇာတိဖြစ်ပြီး ကျောက်ဖြူမြို့တွင် နေထိုင်နေသူဖြစ်သည်။ ၎င်းမှာ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီမှ ဝင်ပြိုင်ခဲ့သူဖြစ်သည်။
၎င်းသည် NLD အစိုးရလက်ထက်တွင် အမ်းမြို့နယ်အတွင်း စစ်တပ်ကသိမ်းထားသည့် မြေယာမြေများအား ဒေသခံများပြန်လည်ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
“ရခိုင်နိုင်ငံရေးမှာလည်း တက်ကြွသူတစ်ဦးဖြစ်သလို အာဏာသိမ်းပြီးနောက်လည်း စစ်တပ်ကို ကန့်ကွက်မှုတွေ ရေးသားခဲ့တာရှိတယ်။ အဲဒါတွေကြောင့် ဖမ်းဆီးတာဖြစ်နိုင်တယ်” ဟု ဦးဇော်ဝင်းမြင့်နှင့် နီးစပ်သည့် အမ်းဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်တွင်စတင်သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ တတိယအကြိမ် တိုက်ပွဲကာလအတွင်း ကျောက်ဖြူမြို့က ဒေသခံ ၂၅ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။