မုန့်ဖိုး ငွေတစ်ရာကျပ်ပေးကာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်

မြောက်ဦးမြို့၊ လက်ကောက်ဈေးအုပ်ချုပ်ရေးမှူး ဦးမောင်ဘုန်းက “အဲဒီကလေးကို မုန့်ဖိုး ပိုက်ဆံတစ်ရာ ပေးပြီးတော့ လူသူမရှိတဲ့နေရာကို ခေါ်သွားပြီး ကျူးလွန်သွားတာပါ” ဟု DMG ကို ပြောသည်။

By Admin 30 Sep 2023

သရုပ်ဖော်ပုံ - The Telegraph
သရုပ်ဖော်ပုံ - The Telegraph

DMG ၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စက်တင်ဘာ ၂၉ ရက်နေ့က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက မုန့်ဖိုးငွေတစ်ရာကျပ်ပေးကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၊ လက်ကောက်ဈေးအုပ်ချုပ်ရေးမှူး ဦးမောင်ဘုန်းက “အဲဒီကလေးကို မုန့်ဖိုး ပိုက်ဆံတစ်ရာ ပေးပြီးတော့ လူသူမရှိတဲ့နေရာကို ခေါ်သွားပြီး ကျူးလွန်သွားတာပါ” ဟု DMG ကို ပြောသည်။

မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်တွင် နေထိုင်သည့် အဆိုပါအမျိုးသားသည် မိန်းကလေးငယ်ကို မုန့်ဖိုးပေးကာ အရှေ့မြတန်ဆောင်းတောင်အနီးတွင် အဓမ္မကျူးလွန်ခဲ့သည်ကို ဘုရားဖူးခရီးသည်များမှ တွေ့မြင်ခဲ့ခြင်းဖြစ်သည်ဟု မြိုခံများထံမှ သိရသည်။

“အရှေ့မြတန်ဆောင်းတောင်နားမှာ ဘုရားဖူးလာတဲ့လူတွေကမြင်လို့ သိရတာ။ ကလေးငယ်မှာ အဝတ်တွေပြုတ်ကျပြီး အင်္ဂါစပ်တွေမှာလည်း သွေးတွေထွက်လို့ ဖြစ်နေတယ်” ဟု မိန်းကလေးငယ်၏ မိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

အဓမ္မကျူးလွန်ခံရသည့် မိန်းကလေးငယ်မှာ သွေးထွက်လွန်နေသဖြင့် ယမန်နေ့ (စက်တင်ဘာ ၂၉ ရက်) တွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးစစ်ဆေးခြင်းများပြုလုပ်ကာ လက်ရှိတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကိစ္စအား မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ခင်မောင်သန်းကို DMG မှ ဆက်သွယ်မေးမြန်းရာ “ကျနော့်ဆီကို report မရောက်လို့ မသိပါဘူး” ဟု တုန့်ပြန်သည်။

လက်ရှိတွင် ကျူးလွန်သူ အမျိုးသားကို ရက္ခိုင့်တပ်တော် (ULA/AA) မှ ဖမ်းဆီးသွားကြောင်း သိရသည်။

အသက်မပြည့်သေးသည့် ကလေးငယ်များအပေါ် အဓမ္မပြုကျင့်မှုများကို ထိရောက်စွာအရေးယူမှုမှာ အားနည်းနေဆဲဖြစ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဝေဖန်နေကြသည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက “ ပြစ်မှုကျူးလွန်တဲ့သူကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူတာတွေ မရှိတာကြောင့် ယုတ်မာတဲ့သူတွေအတွက် ကျူးလွန်ဖို့ အခွင့်အရေးတစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ(တိုးချဲ့)ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်ကလည်း ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကာ ယင်းနှစ် ဇူလိုင်လ ၈ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာမှ အသက် ၉ နှစ်ရွယ် မိန်းကလေးငယ်တစ်ဦး အဓ္ဓမပြုကျင့်ခံခဲ့ရသည်။

#R010

ဗီဒီယိုများ