- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
အရန်ဆန်အိတ် တစ်သိန်းနှစ်သောင်း ထပ်မံရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်ဆို
“ဆန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ အခြေခံပြည်သူတွေအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ အရည်အသွေးမှန် ဆန်တွေ ရောင်းချပေးဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆန်စပါးအသင်းချုပ်က ဆိုသည်။
08 Aug 2023
DMG ၊ သြဂုတ် ၈
ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရန်နှင့် အခြေခံလူတန်းစားများ စားသုံးနိုင်ရေးအတွက် အရန်ဆန်အိတ် တစ်သိန်းနှစ်သောင်းကို ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ဧည့်မထ/ရက် ၉၀ ဆန်အိတ် တစ်သိန်းနှင့် ပေါ်ဆန်းမျိုးစုံဆန်အိတ် နှစ်သောင်းကို ရန်ကုန်မြို့ လမ်းမတော် - ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် (၂) တွင် ဩဂုတ်လ ၇ ရက်မှစ၍ ရောင်းချပေးသွားမည်ဟု ဆန်စပါးအသင်းချုပ်၏ ဩဂုတ်လ ၇ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စက်တင်ဘာလတွင်လည်း အသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး အရန်ဆန်များရောင်းချနိုင်အောင် စီစဉ်ထားကြောင်း ဆန်စပါးအသင်းချုပ်မှ သိရသည်။
“ဆန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ အခြေခံပြည်သူတွေအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ အရည်အသွေးမှန် ဆန်တွေ ရောင်းချပေးဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆန်စပါးအသင်းချုပ်က ဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့ ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် လမ်းမတော် - ဝါးတန်းဆန်ကုန်စည်ဒိုင် တို့တွင် ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ် တစ်သိန်းတစ်သောင်းမှ ငွေကျပ် တစ်သိန်းနှစ်သောင်း၊ ဧရာဝတီပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ကိုးသောင်းလေးထောင်မှ ငွေကျပ် ကိုးသောင်းခုနှစ်ထောင်နှင့် ဧည့်မထ ၁၀ ရာခိုင်းနှုန်းပါ ဆန်တစ်အိတ်လျှင် ငွေကျပ် ခြောက်သောင်းခွဲ၊ ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ငွေကျပ် ခြောက်သောင်းအထိရှိသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုရင် လုံလောက်မှုမရှိဘူး။ ဈေးတန်းကအပြင်ဈေးနဲ့ သိပ်မကွာတော့ သူတို့(ဆန်စပါးအသင်းချုပ်)သတ်မှတ်တဲ့ အခြေခံဈေးနှုန်းက ဈေးသက်သာမနေဘူး။ ဆန်ဈေးတွေ ထပ်တက်သွားတယ်လို့ ကြားတယ်။ နယ်တွေဆိုရင် ဒီထက်ထပ်တက်သွားတယ်” ဟု ပြည်တွင်းကုန်ဈေးနှုန်း လေ့လာစောင့်ကြည့်သူ ဆန်ကုန်သည်ဟောင်း ဦးနေလက ပြောသည်။
ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ဆန်စပါးအသင်းချုပ်က အရန်ဆန်(၅၀)ကီလိုဝင် အိတ်ရေငါးသောင်းကို ပထမအကြိမ် ရောင်းချပေးထားပြီး ယခုဆန်အိတ် တစ်သိန်းနှစ်သောင်းဆိုလျှင် ဆန်အိတ်စုစုပေါင်း တစ်သိန်းခုနစ်သောင်းရှိပြီဖြစ်သည်။
ဧရာတီတိုင်းမှ ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဖြိုးမောက်က “ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးလောက်တော့ လုံလောက်မှုရှိမယ်လို့ခန့်မှန်းပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ လုံလောက်မှုရှိမယ်မထင်ဘူး” ဟု ပြောသည်။
ဆန်စပါးသင်းအချုပ်အနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် အရန်ဆန်များကို ထုတ်ရောင်းနေသော်လည်း တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ရောက်ရှိခြင်းမရှိသည့်အပြင် ပြင်ပဈေးနှုန်းနှင့်လည်း ကွာဟမှုမရှိသဖြင့် ဆန်ဈေးလျော့ကျနိုင်မည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။
#I004