မောင်တောမှာ ဆန်တစ်အိတ်ကို ၅ သိန်းထိ ဈေးမြင့်တက်နေ

ကုန်စည်စီးဆင်းမှုမရှိ၍ ရိက္ခာများပြတ်လပ်လာသဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

By Admin 01 Aug 2024

မောင်တောင်မြို့ဝင်တစ်နေရာကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ 
မောင်တောင်မြို့ဝင်တစ်နေရာကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ 

DMG ၊ ဩဂုတ် ၁

အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဆန်တစ်အိတ်ကို ငွေကျပ် ၅ သိန်းအထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှုမရှိ၍ ရိက္ခာများပြတ်လပ်လာသဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျလို့ မသေဘဲ ငတ်လို့သေတော့မယ်။ မြို့သိမ်းနိုင်ဖို့ ဘယ်အချိန်ထိကြာမယ်ဆိုတာ မသိဘူး။ ဘင်္ဂလားဒေ့ရှ်က ဆန်တွေမပို့နိုင်ဘူးဆိုရင် လူတွေကဒီထက်ငတ်မယ်။ ဘယ်ဆန်ရယ်လို့ မဟုတ်ဘူး။ အကုန်လုံးက ၅ သိန်းနဲ့အထက်ရှိတယ်။ မြို့ထဲမှာပိတ်မိနေသူတွေဆိုရင် ပိုပြီးတော့ အခက်အခဲရှိတယ်” ဟု မောင်တောမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

AA က မောင်တောမြို့ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများအနေဖြင့် ဇွန်လ ၁၆ ရက်မှစ၍ မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် အသိပေးထုတ်ပြန်ထားသည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ အကြောင်းအမျိုးမျိုးကြောင့် မြို့တွင်းပိတ်မိနေသည့် ဒေသခံရာနှင့်ချီ ရှိနေသေးသည်။

မောင်တောမြို့တွင်း ပိတ်မိနေသူတစ်ဦးက “ဆန်ဈေးက တအားတက်နေတော့ အခက်အခဲရှိတယ်။ တချို့ဆိုရင် ဆန်ပြတ်လပ်သွားမှာ ကြောက်တဲ့အတွက် ဆန်တစ်ခုရှိရင် ပြီးရောဆိုပြီးတော့ ရှိတဲ့ဆန်ကို ဆန်ပြုတ်လုပ်ပြီးတော့ စားနေကြရတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅)မြို့သူကြီးစခန်းအား AA က ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားသည့် တကျော့ပြန်တိုက်ပွဲအတွင်း နေရပ်စွန့်ခွာနေရသူ စစ်ဘေးရှောင်ဦးရေ သိန်းနှင့်ချီရှိနေပြီး စားဝတ်နေရေးနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်။