- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
အမ်း လက်နက်သိုလှောင်ရုံကို AA တိုက်ခိုက်
နပခဌာနချုပ်အနီးရှိ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများ အဓိက သိုလှောင်သည့်နေရာကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းအချိန်တွင် AA က RPG ဖြင့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲပျက်စီးမှုများရှိခဲ့သည်။
11 Nov 2024
DMG ၊ နိုဝင်ဘာ ၁၁
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့ရှိ စစ်ကောင်စီ၏ စစ်လက်နက်များသိုလှောင်ရုံကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲပျက်စီးမှုများရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နပခဌာနချုပ်အနီးရှိ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများ အဓိက သိုလှောင်သည့်နေရာကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းအချိန်တွင် AA က RPG ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လက်နက်ကြီး၊ ခေတ်ပေါ်လက်နက်၊ ဒရုန်းအထိုင်စက်တွေ၊ ဒရုန်းတွေ အဲဒီဂိုဒေါင်ထဲမှာရှိတယ်။ အမ်းစစ်ဒေသတစ်ခုလုံးအတွက် သိမ်းထားတဲ့လက်နက်တွေ ရှိတယ်။ စစ်ပွဲအတွက် အဲဒီနေရာကပဲ ထုတ်ပေးနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
AA တိုက်ခိုက်မှုကြောင့် လက်နက်သိုလှောင်ရုံတွင် ကျရောက်ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းသွားခဲ့ပြီး အနီးအနားရှိ ရိက္ခာသိုလှောင်ရုံမှာလည်း မီးလောင်ကျွမ်းမှုများရှိခဲ့သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသော်လည်း DMG အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
“အဲဒီဂိုဒေါင်ကို စောင့်ကြည့်ကြီးကြပ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်အပါအဝင် စစ်သားတွေ ဂိုဒေါင်ပေါက်ကွဲမှုကြောင့် ဆုံးသွားတယ်။ ပေါက်ကွဲတဲ့အသံက အရမ်းကျယ်တယ်။ မီးလောင်တာတွေကိုလည်း မြင်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအချိန်တွင်လည်း နပခဌထဲသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပြီးပြန်လာသည့် စစ်ရဟတ်ယာဉ် ၄ စီးကို AA က ပစ်ခတ်မှုကြောင့် တစ်စီးပျက်ကျသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
အမ်းတွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့က စစ်ကောင်စီ၏ စစ်သင်တန်း ကျောင်းအနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
နပခဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေပြီး လက်ရှိတွင် စစ်ကောင်စီတပ်စခန်း ၁၀ ခန့် သိမ်းပိုက်ထားသည်။
အမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှု တို့ကြောင့် အမ်းမြို့နယ်တွင် နေအိမ်အဆောက်အုံ ပျက်စီးမှု ရာနှင့်ချီရှိနေသည်။