မွတ်ဆလင်များအကြား သဘောထားကွဲနေကြသော အာရက္ခတပ်တော်၏ 'အားလုံးပါဝင်သည့် အုပ်ချုပ်ရေး' အစီအစဉ်
The Diplomat သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်၌ AA နှင့် ULA ဦးဆောင်ပုဂ္ဂိုလ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဤအစီအစဉ်၏ မျှော်မှန်းချက်မှာ လူမှုဖူလုံရေးကို အခြေခံသည့် မူဝါဒနှင့် ဗဟိုက ထိန်းထားသည့် တစ်ပြည်ထောင်စနစ်ကို ထူထောင်ရန်နှင့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာ အသီးသီးထံသို့ ခွဲဝေသွားရန် ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
03 Nov 2024
အာရက္ခတပ်တော် (AA) နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်အစိုးရထံမှ သိမ်းပိုက်ယူထားသည့် နယ်မြေများ၌ ရည်ရွယ်ချက်ကြီးမားပြီး ခက်ခဲကြမ်းတမ်းသော “အားလုံးပါဝင်သည့် အုပ်ချုပ်ရေး” တစ်ရပ်ကို ထူထောင်ရန် အစပျိုးလျက်ရှိသည်။
ဤအစီအစဉ်ကြောင့် ကမ္ဘာအဖိနှိပ်ခံရဆုံးဟု သတ်မှတ်ထားကြသည့် အဆိုပါဒေသရှိ မွတ်ဆလင်များအကြားတွင်လည်း ခန့်မှန်းတွက်ချက်မှုများနှင့် အမြင်ကွဲလွဲမှုများ ရှိနေကြသည်။
AA သည် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းနေရာ အများစုအပြင် ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝဒေသကိုပါ စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားသည်။ “အားလုံးပါဝင်သည့် အုပ်ချုပ်ရေး” တစ်ရပ်အတွက် AA နှင့် ULA တို့က ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ (APA)၊ ယခုအခါ အာရက္ခပြည်သူ့အစိုးရကို ထူထောင်ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်းတို့ သိမ်းပိုက်နယ်မြေများ၌ မျိုးစေ့ချခဲ့ကြခြင်း ဖြစ်သည်။
The Diplomat သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်၌ AA နှင့် ULA ဦးဆောင်ပုဂ္ဂိုလ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဤအစီအစဉ်၏ မျှော်မှန်းချက်မှာ လူမှုဖူလုံရေးကို အခြေခံသည့် မူဝါဒနှင့် ဗဟိုက ထိန်းထားသည့် တစ်ပြည်ထောင်စနစ်ကို ထူထောင်ရန်နှင့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာ အသီးသီးထံသို့ ခွဲဝေသွားရန် ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ ဇွန်လနှင့် ဇူလိုင်လအတွင်း စာရေးသူ လှည့်လည်သွားလာခဲ့စဉ်က AA နှင့် ULA တာဝန်ခံများကို အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ထံမှ အာရက္ခပြည်သူ့အစိုးရ၏ အစီအစဉ်များကို သိခွင့်ရခဲ့သည်။ ဤအစီအစဉ်များအနက် နေပြည်တော်၏ ဖွဲ့စည်းတည်ဆောက်ပုံတွင် တစ်မြို့ချင်းစီ၏ အခြေအနေအပေါ် မူတည်ပြီး ပုံစံသစ်များ ပေါင်းစပ်ထားသည့် အုပ်ချုပ်ရေး ပုံစံတစ်ရပ် ဖန်တီးခြင်းလည်း ပါဝင်သည်။
ရပ်ကျေးအုပ်ချုပ်ရေး ကော်မတီများ၊ ကျန်းမာရေးဌာနများ၊ ရဲနှင့် စိုက်ပျိုးမွေးမြူရေး ဌာနများ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ကဲ့သို့ ဌာနအများအပြား စာရေးသူ မြင်ခဲ့ရသည်။ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ရသေ့တောင်တို့တွင် လည်ပတ်နေကြသည့် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးရုံးများလည်း တွေ့ခဲ့ရသည်။ ဖွဲ့စည်းပုံမှာ ပိရမစ်ပုံစံဖြစ်ပြီး အာဏာအများစုကို ဒေသဆိုင်ရာ တပ်ရင်းများထံ၌ အပ်နှင်းထားသည်။
မွတ်ဆလင်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုအပေါ် ULA ၏ သဘောထားအမြင်
အာရက္ခဒေသသည် ၁၉၄၂ ခုနှစ် နောက်ပိုင်းတည်းက လူများစု ရခိုင်ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များအကြား အကြမ်းဖက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည့်နေရာ ဖြစ်သည်။ သို့အတွက်ကြောင့် ဒေသ အသိုင်းအဝိုင်းအကြား သဟဇာတဖြစ်မှုသည် အာရက္ခဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကကျသည်ဟု ULA က ယုံကြည်သည်။ ULA အတွက် ရှေ့တွင်ရှိနေသည့် ကြီးမားသော စိန်ခေါ်မှုများအနက် တစ်ခုမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသလို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်လည်း အကြီးအကျယ် ကန့်သတ်ခံထားရသည့် မွတ်ဆလင်များအပေါ် ဆယ်စုနှစ်များစွာ ရှိခဲ့သော ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများကို အဆုံးသတ်နိုင်ရေး ဖြစ်သည်။
မွတ်ဆလင်အသိုင်းအဝိုင်းနှင့် ULA တာဝန်ခံများ၏ ခန့်မှန်း တွက်ချက်မှုများအရ ချင်းပြည်နယ် တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မွတ်ဆလင်အရေအတွက်သည် ၀.၉ သန်းနှင့် ၁.၁ သန်းအကြား ရှိမည်ဟု ယူဆရသည်။ အများဆုံးရှိနေကြသည်မှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိကပ်နေသည့် မောင်တောတွင် ဖြစ်သည်။ မောင်တောတွင် မွတ်ဆလင်များသည် လူများစုဖြစ်သည်။ မွတ်ဆလင် အနည်းဆုံး ရှိရာဒေသမှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတွင် ဖြစ်ပြီး ၈၁ ဦးသာရှိသည်။
ကျောက်တော်မြို့၏ နိုင်ငံရေးမှူး ဦးကျော်ဇောခိုင်က ဇွန်လ ၁၇ ရက်နေ့တွင် Diplomat သတင်းဌာနကို ဖြေကြားရာ၌ ULA ၏ “ရည်မှန်းချက်မှာ ငြိမ်းချမ်းရေး ထူထောင်ရန်ဖြစ်ကာ တည်ငြိမ်မှုအတွက် မရှိမဖြစ် လိုအပ်ချက်ဟုလည်း မိမိတို့ ယူဆထားသည်” ဟု ပြောသည်။
“ULA သည် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြသည့် မွတ်ဆလင်များအပါအဝင် အသိုင်းအဝိုင်း အားလုံးကို အုပ်ချုပ်ရေးတွင် ပါဝင်လာအောင်” ကြိုးပမ်းနေသည်ဟု သူက ပြောသည်။ “တိုင်းရင်းသားရေးရာ ကော်မတီတွင် ခူမီး၊ မြို၊ ဒိုင်းနက်နှင့် ဟိန္ဒုတို့ ပါဝင်ရေးအပြင် မွတ်ဆလင်ရေးရာ ကော်မတီကိုလည်း ထပ်တိုး ဖွဲ့စည်းထားသည်” ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
အစိုးရအဖွဲ့သည် မွတ်ဆလင်၊ ရခိုင်နှင့် အခြား အသိုင်းအဝိုင်းများအကြား လူမှုရေး သဟဇာတ ဖြစ်စေရန်အတွက် အားကစားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများမှ တစ်ဆင့် “ဒေသခံအသိုင်းအဝိုင်းအကြား ချိတ်ဆက်ဆောင်ရွက်မှု” ရှိလာအောင် အလေးထား ဆောင်ရွက်နေသည်ဟု ဦးကျော်ဇောခိုင်က ရှင်းပြသည်။ မွတ်ဆလင်များနှင့် အခြားအသိုင်းအဝိုင်းများအကြား “လူမှုရေး သင်းကွဲမှု” များ ရှိနေပြီး မြို့နယ်များအလိုက် ကွဲပြားမှုဒီဂရီ ကွာခြားကာ မောင်တောနှင့် ဘူးသီးတောင်တွင် ကွာဟချက် အပြင်းထန်ဆုံးဟု သူက ပြောသည်။ သို့ကြောင့် ဆိုခဲ့ပါ အသိုင်းအဝိုင်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုသည် အရေးကြီးသည်ဟု ယူဆရသည်။
အပြုသဘောဆောင်သည့် သဘောထားအပြင် အာဏာပိုင်ဖြစ်မှုကိုပါ ပြသသည့်အနေဖြင့် ULA သည် ရခိုင်အလယ်ပိုင်းနှင့် ပလက်ဝတွင် မွတ်ဆလင်များ ခရီးသွားလာခွင့် ကန့်သတ်ခံထားရမှုကိုပါ ပယ်ဖျက်ထားသည်ဟု မွတ်ဆလင်အချို့က Diplomat သတင်းဌာနသို့ ပြောသည်။ မွတ်ဆလင်များသည် ULA က ဖွင့်လှစ်ထားသည့် ဆေးကုသရေးနေရာ အချို့တွင်ပါ ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူခွင့် ရရှိထားသည်။
ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချခြင်းအပြင် ULA (နှင့် AA) သည် ၎င်း၏ ကြိုးပမ်းမှုများကို အားယူကာ ရခိုင်ပြည်နယ်တွင် အဓိကကျသည့် အင်အားစုအဖြစ် တစ်ကမ္ဘာလုံး၏ အသိအမှတ်ပြုမှုကို ရရှိရန်ပါ ရည်ရွယ်သည်။ ဤသည်က အာရက္ခဒေသတွင် ၎င်း၏ တရားဝင်မှု ပိုအားကောင်းလာစေမည့် နည်းဗျူဟာတစ်ရပ်လည်း ဖြစ်သည်။ နေပြည်တော်နှင့် အလားသဏ္ဍာန်တူသည့် ခွဲခြားဆက်ဆံရေး မူဝါဒများသည် နိုင်ငံတကာ အေဂျင်စီများထံမှ အကူအညီများ ရရှိနိုင်ခြေ၊ အထူးသဖြင့် အရေအတွက် များပြားလှသည့် မွတ်ဆလင်များအပါအဝင် ပြည်တွင်း၌ သိန်းပေါင်းများစွာ ရှိနေသည့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအား ပြန်လည်နေရာချထားရေးအတွက် ရန်ပုံငွေများ ရနိုင်ခြေကို ပျက်ပြယ်သွားစေနိုင်သည်။
မြို့နယ်အချို့မှ မွတ်ဆလင်ဒေသခံများနှင့် စာရေးသူ တွေ့ဆုံမေးမြန်းချက်များအရ ပဋိပက္ခနှင့် ပတ်သက်၍ မွတ်ဆလင်များသည် ရခိုင်များနှင့် သော်လည်းကောင်း၊ မြန်မာစစ်ကောင်စီနှင့် သော်လည်းကောင်း တစ်သဘောတည်း ရှိမနေကြသည်ကို တွေ့ရသည်။ ULA ၏ မူဝါဒများနှင့် ပတ်သက်၍ မွတ်ဆလင်များကို အုပ်စုသုံးစု ခွဲနိုင်သည်။ ထိုမူဝါဒများကို လက်ခံသူ၊ လက်ခံရန်သာ ရှိသည်ဟု ယူဆကြသူနှင့် ရန်လိုမုန်းတီးနိုင်ခြေ ရှိသူများ ဟူ၍ ဖြစ်သည်။
ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင်များ ULA ၏ မူဝါဒများကို လက်ကမ်းကြို
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားတို့မှ မွတ်ဆလင်များသည် ULA ၏ ‘အားလုံးပါဝင်သည့် အုပ်ချုပ်ရေး’ ကို လိုလိုလားလား ကြိုဆိုကြသည်။ သူတို့သည် ကျေးရွာများနှင့် မြို့များတွင် ULA က ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ထိတွေ့ဆက်ဆံမှုများ ရှိသည်။ အချို့သည်လည်း ရဲဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအဖြစ် လေ့ကျင့်သင်တန်း ဆင်းထားကြသည်များ ရှိသည်။ ကြိုတင်ပြင်ဆင်မှုများ၌ နေရပ်စွန့်ခွာ တိမ်းရှောင်လာရသူများ (IDPs) များကို ပြန်လည်နေရာချထားရေး တာဝန် ယူထားသည့် လယ်ယာစိုက်ပျိုးရေး၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ဌာနများတွင် မွတ်ဆလင်များလည်း ပါဝင်စေရေး အတွက် စီစဉ်မှုများ ရှိသည်။
မင်းပြားတွင်ဆိုလျှင် ကျေးရွာ ၁၅ ရွာ၌ မွတ်ဆလင်ဒေသခံ ၃၆,၂၃၅ ဦးရှိသည်။ မင်းပြားမြို့သို့ စာရေးသူ ရောက်သွားချိန်၌ အသစ်ဖွဲ့စည်းထားသည့် အစ္စလာမ်ကောင်စီ အဖွဲ့ဝင် မွတ်ဆလင်နှစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ စိုက်ပျိုးရေးနှင့် ရဲဌာန တိုးချဲ့ဖွဲ့စည်းရာတွင် အဆင်ပြေ ချောမွေ့စေရေး၊ စစ်ဘေးရှောင် ၆၀ ခန့်ကို နေရာချထားရေးတို့အတွက် အခြားအသိုင်းအဝိုင်းဝင်များ နှင့်အတူ သူတို့သည် ULA ကစီစဉ်သည့် အစည်းအဝေးတစ်ခုသို့ တက်ရောက်လာကြသူများ ဖြစ်သည်။
အစ္စလာမ်ကောင်စီ ဥက္ကဌ ဟာဂျီစိန်မင်းက ရခိုင်ဒေသရှိ မွတ်ဆလင်များနှင့် ပတ်သက်ပြီး သူ့ခေါင်းထဲတွင် ရှိနေသည့် ကိစ္စရပ်များကို ပြောပြသည်။
“မင်းပြားက မွတ်ဆလင်တွေနဲ့ ဘူးသီးတောင် မောင်တောက မွတ်ဆလင်တွေ အကြားမှာ တူတာတွေ ရှိသလို မတူတာတွေလည်း ရှိပါတယ်” ဟု သူကပြောသည်။ မင်းပြားမှ မွတ်ဆလင်များနှင့် ရခိုင်နှင့် အခြား လူမျိုးစု အသိုင်းအဝိုင်းတို့အကြား ဆက်ဆံရေးသည် အမြဲတမ်း ဖော်ဖော်ရွေရွေ ရှိသည်ဟုလည်း ဦးစိန်မင်းက ပြောသည်။
“မွတ်ဆလင်တွေ အားလုံးဟာ နေပြည်တော်စစ်အစိုးရရဲ့ ဒဏ်ကို ခံစားခဲ့ရသူချည်း ပါပဲ” ဟု သူက ထောက်ပြပြီး ULA လက်အောက်တွင် မွတ်ဆလင်များအတွက် ပိုကောင်းသော အနာဂတ်ကို မျှော်လင့်သည်ဟုလည်း ပြောသည်။
မွတ်ဆလင်များ သွားလာလှုပ်ရှားခွင့် ကန့်သတ်ခံထားရမှုအား မင်းပြားမြို့နယ်ကို AA က သိမ်းပိုက်ပြီးနောက် မတ်လ ဒုတိယလဝက်တွင် ပယ်ဖျက်ခဲ့သည်။ ULA က ဖွဲ့စည်းထားသည့် ကော်မတီများတွင် မွတ်ဆလင် အယောက် ၂၀၀ ပါဝင်သည်ဟုလည်း ဟာဂျီစိန်မင်းက ပြောသည်။
မွတ်ဆလင်များသည် နေပြည်တော်က ချမှတ်ထားသည့် သွားလာခွင့် ကန့်သတ်ချက်များကြောင့် အချင်းချင်း ဆက်စပ်မှု မရှိဘဲ ဖြစ်နေခဲ့သည်။ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းရှိ မွတ်ဆလင်အချို့သည်လည်း ၂၀၁၂ ခုနှစ်က မြန်မာစစ်တပ်၏ နှိမ်နင်းမှု၊ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး စသည်တို့တွင် နေအိမ် မီးရှို့ခံရခြင်းများ၊ မတရား ဖမ်းဆီးခံရခြင်းများ ရင်ဆိုင်ခဲ့ရသည်။ ၂၀၁၇ နယ်မြေရှင်းလင်းရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဝေဖန်ရှုတ်ချခဲ့သည်။
အဆိုပါဒေသများတွင် နေထိုင်နေကြသည့် မွတ်ဆလင်များက သူတို့ဒေသတွင် ARSA (အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်) နှင့် RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့) တို့ မရှိဟုလည်း ပြောကြသည်။ ဤမြို့နယ်များတွင် ထိုအဖွဲ့များက တပ်သားသစ်များ စုဆောင်းခြင်းလည်း မရှိဟု သူတို့က ပြောသည်။
“ကျွန်တော်တို့ အကောင်းမြင်ကြည့်နေပါတယ်”
ဆိုခဲ့ပါမြို့များရှိ မွတ်ဆလင်များနှင့် မတူသည်မှာ ဘူးသီးတောင်နှင့် ရသေ့တောင်ရှိ အုပ်စုအချို့ဖြစ်သည်။ သူတို့က ULA ၏ အုပ်ချုပ်ရေးအဖွဲ့တွင် မွတ်ဆလင်များလည်း ထည့်သွင်းမည်ကို သတိတစ်ခုထားပြီး မျှော်လင့်ကြသည်။ AA သည် ဤဒေသကို မတ်လနှင့် မေလအကြားတွင် စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
အာရက္ခဒေသရှိ မွတ်ဆလင် စုစုပေါင်း၏ သုံးပုံနှစ်ပုံနီးပါးသည် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်နေကြခြင်း ဖြစ်ကြောင်း ULA တာဝန်ခံများ၏ ပြောကြားချက်များအရ သိရသည်။ ဤဒေသသည် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ရပ်များကို အကြီးအကျယ် ခံစားခဲ့ရပြီး မွတ်ဆလင် ၇ သိန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသည်။
အကြမ်းဖက်အုပ်စု ARSA က အခြေစိုက်စခန်း ဖွင့်လှစ်ပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ရန် တပ်သားသစ် ထောင်ပေါင်းများစွာ စုဆောင်းခဲ့သည်မှာလည်း ဤဒေသတွင်ဖြစ်သည်။ သို့သော်လည်း ရန်ပုံငွေ အတင်းအကျပ် ကောက်ခံခြင်းကဲ့သို့သော ARSA လုပ်ရပ်အချို့ကို မေးခွန်းထုတ်သူများ ရှိလာခဲ့ပြီး စစ်တပ်ကို တော်လှန်သည့် ARSA ၏ လက်နက်ကိုင် လှုပ်ရှားမှုသည် ထိုကဲ့သို့ မေးခွန်းထုတ်သူများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများလည်း ပြုလုပ်လာခဲ့သည်။
မွတ်ဆလင်လေးဦး (ဘုန်းကြီးများနှင့် ကျောင်းဆရာများဖြစ်ပြီး မော်လာနာ အဗ္ဗဒူဂိုနီ၊ မိုဟာမက်နိုဝါး၊ အဘူဘာဆား၊ အက်တာအူလာ တို့ဖြစ်သည်။) ကို ဇွန်လ ၂၂ ရက်နေ့က ဘူးသီးတောင်တွင် စာရေးသူ မေးမြန်းစုံစမ်းခဲ့သည်များအရ ARSA က သတ်ဖြတ်ခဲ့သူ စုစုပေါင်း ၈၀ နှင့် ၁၀၀ ကြားရှိသည်ဟု သိရသည်။
ရသေ့တောင်ရှိ အာရဗီကျောင်းတစ်ခုတွင် စာသင်ပေးနေသူ အက်တာအူလာဆိုလျှင် ARSA ကို လူသိရှင်ကြား ဝေဖန်မှုများ အများဆုံး ပြုလုပ်သူတစ်ဦး ဖြစ်သည်။
“ARSA ဟာ မွတ်ဆလင်တွေအတွက် အကြီးဆုံး ရန်သူ ဖြစ်နေတယ်။ အခုအဆိုရင် ARSA ဟာ ကျွန်တော်တို့လူထုကို အဆိုးဆုံး ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ လက်တွဲနေတယ်။ ဘူးသီးတောင်မြို့မှာ နေထိုင်ကြတဲ့ မွတ်ဆလင် ၃၀,၀၀၀ ထဲက ၇၀ ရာခိုင်နှုန်းနီးပါးဟာ ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည်အဖြစ် ရောက်သွားကြပါတယ်” ဟုလည်း သူကဆိုသည်။
ULA ၏ မူဝါဒများကို ၎င်းတို့အုပ်စု အဘယ်ကြောင့် ထောက်ခံအားပေးနေကြသနည်း ဆိုသည်ကို ရှင်းပြရာ၌ အက်တာအူလာက မွတ်ဆလင်များအပေါ် တားမြစ်ကန့်သတ်ချက်များနှင့် ခွဲခြားဆက်ဆံမှုများကို ULA က ဖယ်ရှားမည်ဟု အာမခံပေးထားသည်ကို ထောက်ပြသည်။ လူ့အဖွဲ့အစည်းတိုင်းသည် မွတ်ဆလင်များအတွက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အပါအဝင် တန်းတူညီမျှ အခွင့်အရေးကို ရရှိကြမည်ဟု ULA က ထုတ်ပြန်ကြေညာထားသည်။
“ဒီလိုကြေညာချက်မျိုးကို ထောက်ခံရတာဟာ ကျွန်တော်တို့အတွက် သဘာဝကျပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ထဲက အများအပြားဟာ အနာဂတ်တွေ ဝေဝါးနေဆဲပဲ” ဟုလည်း အက်တာအူလာက ပြောသည်။ အက်တာအူလာသည် ဘူးသီးတောင်တွင် ULA အစည်းအဝေး တက်ရောက်ရန်အတွက် ရသေ့တောင်ရှိ ၎င်း၏ နေအိမ်မှ လာရောက်ခြင်းဖြစ်သည်။
အက်တာအူလာ၏ အမြင်နှင့် ထပ်တူကျသူကတော့ သက်ကြီးပိုင်း ခါလီအူဒင် ဖြစ်သည်။ ခါလီအူဒင်သည် ဘူးသီးတောင်ရှိ မွတ်ဆလင်စခန်းတစ်ခုမှ ဖြစ်ကာ အာရက္ခဒေသတွင် မြန်မာစစ်တပ်မရှိသည့် ပိုကောင်းသော အနာဂတ်တစ်ခုကို မျှော်လင့်နေသူ ဖြစ်သည်။ သို့သော် သူကလည်း ULA ၏ မူဝါဒများကို ဆန့်ကျင်လျှင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ကိစ္စရပ်များအတွက် စိုးရိမ်မှုရှိသည်။
“ULA နဲ့ မပူးပေါင်းရင် ကျွန်တော်တို့အတွက် အန္တရာယ်ရှိနိုင်တယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ပဲ။ ဒါကို ULA နဲ့ AA ရဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်လို့ ရမှာမဟုတ်ဘူး” ဟု သူကပြောသည်။
ဘူးသီးတောင်နဲ့ မောင်တောက ရန်လိုမုန်းထားတဲ့ မွတ်ဆလင်တွေ
အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရခိုင်လူမျိုးများ ဖြစ်ကြသည့် ဦးစံရွှေမောင်နှင့် ဦးမောင်မြအောင်တို့ကို ဘူးသီးတောင်မြို့နယ်ရှိ ဂုံးနား (မွတ်ဆလင်ရွာ) ၌ ခေါင်းဖြတ်မြေမြှုပ်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် မေယုတောင်ကြောတွင် ဝါးခုတ်ရန် ထွက်သွားရာမှ ARSA ထံတွင် ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရခြင်းဟု ကြားသိရသည်။
ဤဖြစ်ရပ်ပြီးလျှင် ထပ်မံ၍လည်း မောင်တောမြို့နယ်ရှိ မြိုရွာဖြစ်သော ကိုင်းကြီးရွာ၌ ငါးဖမ်းရန်သွားသည့် မိသားစုဝင်လေးဦး ပျောက်ဆုံးသွားပြန်သည်။ ၎င်းတို့လေးဦးကို ARSA က ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောကြားကြောင်း ကြားသိရသည်။
ဤဖြစ်ရပ်များကို သီးခြားတော့ အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ဘူးသီးတောင်နှင့် မောင်တောနေရာအများစုကို AA က သိမ်းပိုက်ထားပြီဖြစ်သော်လည်း (ဘင်္ဂလားဒေ့ရှ် နယ်စပ် နေရာအချို့တွင်တော့ မြန်မာစစ်တပ်၏ လှုပ်ရှားမှုများ ရှိနေဆဲဖြစ်သည်) ARSA တို့ ဘူးသီးတောင်နှင့် မောင်တောတွင် ရှိနေကြသည်ကို ဤဖြစ်ရပ်များက ညွှန်ပြနေသည်။
ULA နှင့် AA တို့သည် ဘူးသီးတောင်နှင့် မောင်တောရှိ သိမ်းပိုက်နယ်မြေများတွင် ၎င်းတို့၏ အရင်းအမြစ်များနှင့် ခြေကုပ်ယူမှုများကို ဖြန့်ကြက်ရဦးမည့်ပုံ ပေါ်သည်။ လက်ရှိ အခြေအနေက ARSA အတွက် AA ကို ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ထောက်ခံအားပေးမှုများ ရယူနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသည်။ AA ကို တိုက်ခိုက်ရန် မြန်မာစစ်တပ်က ဖွဲ့စည်းပေးထားသည့် တပ်များတွင် မိမိသဘောဆန္ဒအလျောက် ပါဝင်တိုက်ခိုက်နေကြသည့် မွတ်ဆလင်လူငယ် အချို့ ရှိနေသည်ဟုလည်း အတည်မပြုနိုင်သော သတင်းများအရ ကြားသိရသည်။
စာရေးသူ တွေ့ဆုံမေးမြန်းခဲ့သည့် မွတ်ဆလင် ကျောင်းဆရာများနှင့် ဘုန်းကြီးများကတော့ ARSA ကို ထောက်ခံအားပေးသည့် ကျေးရွာအချို့ ရှိနေသည်ဟု အတည်ပြုပြောဆိုကြသည်။
“ဘူးသီးတောင်က တချို့နေရာတွေက ARSA ကို ထောက်ခံအားပေးကြတာတွေ ရှိတယ်။ ဒါကြောင့် AA ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ နယ်စွန်နယ်ဖျား ကျေးရွာတချို့ လူတွေ ဝင်ပါနေကြတာ” ဟု ရသေ့တောင်မှ ကျောင်းဆရာတစ်ဦးဖြစ်သူ မိုဟာမက်နိုဝါးက The Diplomat ကို ဖြေကြားသည်။ လက်ရှိတွင် ARSA ကို အဓိက ထောက်ခံအားပေးကြသူများမှာ များသောအားဖြင့် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများမှ ဖြစ်သည်ဟုလည်း သူကပြောသည်။
AA သည် ဘူးသီးတောင်မြို့နှင့် ဆက်စပ်ဧရိယာများတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ မြို့ထဲတွင်လည်း စစ်ဆေးရေးဂိတ်များ ချထားသလို အခြားမြို့များသို့ ထွက်ပေါက်လမ်းများ၊ ကုလားတန်မြစ်၊ မေယုမြစ်နှင့် ကုလားပန်းဇင်းချောင်းကမ်း နံဘေးတလျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ ရှိသည်။
AA မှ အလယ်အလတ် တာဝန်ခံတစ်ဦးကတော့ လွတ်မြောက်နယ်မြေများတွင် ARSA ကို အမာခံ အားပေးထောက်ခံကြသူများ၊ သူ့အခေါ် “ရန်လိုသော မွတ်ဆလင်များ” ရှိနေကြသည်ဟု ပြောသည်။ အုပ်ချုပ်ရေးတွင် အသိုင်းအဝိုင်းအားလုံး ပါဝင်ရေးဆိုသည့် ULA ၏ အစီအစဉ်သည် ဘူးသီးတောင်နှင့် မောင်တောတွင် ARSA အားပေးထောက်ခံသူများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ် ရှိသည်ဟု သူက ရှုမြင်သည်။
ULA သည် ၎င်း၏အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာစေမည့် တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုများအပြင် ဘဏ္ဍာရေးအရင်းအမြစ် နည်းပါးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ မတူကွဲပြားသော အသိုင်းအဝိုင်းများကို ပြန်လည်ပေါင်းစည်းရေးသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများအပြင် အချို့ဒေသများတွင် ရှိနေသည့် ဆက်ဆံရေး အခြေအနေများကြောင့် ပုံစံမျိုးစုံ ကွဲပြားသွားနိုင်သည်။ အထူးသဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့၌ ဤလုပ်ငန်းစဉ်သည် ပိုမိုခက်ခဲနိုင်ခြေ ရှိသည်။
သို့အတွက်ကြောင့် ULA ၏ “အားလုံးပါဝင်သည့် အုပ်ချုပ်ရေး” အစီအစဉ်၏ ရလဒ်သည် ဝေဝါးနေဆဲ ဖြစ်သော်လည်း ဤအစီအစဉ်က မြန်မာနိုင်ငံ အာရက္ခဒေသရှိ လူမှုအသိုက်အဝန်း အားလုံး၏ အနာဂတ်အပေါ် သက်ရောက်မှု ရှိမည်ကတော့ အသေအချာပင် ဖြစ်ပေသည်။
The Diplomat တွင် ဖော်ပြထားသော Rohingya Community Is Divided Over Arakan Army’s Plan for ‘Inclusive Administration’ ကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် Rajeev Bhattacharyya သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်တစ်ဦးဖြစ်သည်။