မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော
မြန်မာနိုင်ငံသည် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွက် အရေးကြီးသော အခိုက်အတန့်တွင် မစ္စတာ ဒန်ဖော့ အား WFP ၏ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ဟု WFP က ထုတ်ပြန်ထားသည်။
20 Nov 2024
DMG ၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံအတွင်း အရေးပေါ်အကူညီ လိုအပ်နေသူများအား အထောက်အပံ့များပေးနိုင်ရန် ဘက်ပေါင်းစုံနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်သစ် မစ္စတာ မိုင်ကယ်ဒန်ဖော့ (Mr. Michael Dunford) က ပြောဆိုလိုက်သည်။
“WFP ဟာ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ နေရာဒေသအစုံက အရေးပေါ်အကူအညီ လိုအပ်နေသူတွေဆီ အထောက်အပံ့တွေပေးအပ်နိုင်ဖို့ ဘက်ပေါင်းစုံနဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်သလို နည်းလမ်း အမျိုးမျိုးကနေ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ မိုင်ကယ်ဒန်ဖော့က ပြောသည်။
မြန်မာနိုင်ငံသည် ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွက် အရေးကြီးသော အခိုက်အတန့်တွင် မစ္စတာ ဒန်ဖော့ အား WFP ၏ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ဟု WFP က ထုတ်ပြန်ထားသည်။
မစ္စတာဒန်ဖော့၏ ဦးဆောင်မှုအောက်တွင် ပဋိပက္ခဒေသများရှိ ပြည်သူလူထုထံသို့ ကူညီထောက်ပံ့မှုများ ရောက်ရှိရေးနှင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ ခန့်ကို ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေး၊ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့အား လုပ်ဆောင်သွားရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေ ၁၃ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ သန်းခွဲနီးပါးမှာလည်း ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း WFP ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာမှုနှင့် အတူ စစ်ဘေးရှောင်များအတွက် စိန်ခေါ်မှု များပြားလာနေသည်။
“တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေက ပိုများလာတာပေါ့။ ကျနော်တို့မှာလည်း အလှူရှင်တွေ နည်းတော့ အားနည်းမှုတွေ အများကြီးရှိတာပေါ့လေ။ စစ်ဘေးရှောင်တွေ လိုအပ်ချက်ကတော့ အများကြီးပါ။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အစား၊ စောင် အစရှိသည်ပေါ့လေ” ဟု ရခိုင်ပြည်၊ ဂွမြို့နယ်၊ စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။
WFP သည် ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းက ရေဘေးသင့် လူဦးရေ ၃၇၀,၀၀၀ ကို စားနပ်ရိက္ခာနှင့် အာဟာရများ ကူညီထောက်ပံ့ပေးခဲ့သည်။