ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်ကို WFP က အရေးပေါ်စားနပ်ရိက္ခာ ကူညီ 

ကချင်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းက ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် ငွေသား၊ ဆန်၊ အာဟာရမှုန့်နှင့် အာဟာရဖြည့် အစားအသောက်များကို ‌အရေးပေါ်အနေဖြင့် ထောက်ပံ့ပေးထားကြောင်း ဆိုသည်။

By Admin 08 Aug 2024

ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်ကို WFP က အရေးပေါ်စားနပ်ရိက္ခာ ကူညီ 

DMG ၊ ဩဂုတ် ၈

မြန်မာနိုင်ငံအတွင်း တိုင်းနှင့် ပြည်နယ် ၅ ခုမှ ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ ထောက်ပံ့ပေးထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်သည်။ 

ကချင်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းက ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် ငွေသား၊ ဆန်၊ အာဟာရမှုန့်နှင့် အာဟာရဖြည့် အစားအသောက်များကို ‌အရေးပေါ်အနေဖြင့် ထောက်ပံ့ပေးထားကြောင်း ဆိုသည်။ 

“မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေ ရောက်နေတဲ့အချိန်မှာမှ ရေဘေးက ဖြစ်လာရပြန်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။ 

မြန်မာနိုင်ငံတွင် ဇွန်လနှောင်းပိုင်းမှစတင်ခဲ့သည့် မိုးဆက်တိုက်ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုများကြောင့် လူဦးရေနှစ်သိန်းကျော် ရေးဘေးသင့်ခဲ့ရပြီး အများအပြားမှာ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။ 

ဂြိလ်တုမှတစ်ဆင့် ရိုက်ကူးထားသော ဓာတ်ပုံများအရ ဩဂုတ်လ ၆ ရက်နေ့အထိ လူပေါင်း ရှစ်သိန်းခွဲကျော်မှာ ရေလွှမ်းမိုးနေရာတွင် နေထိုင်ကြရသေးကြောင်း WFP ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
 
မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှုကြောင့် ကချင်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ၊ ပဲခူး၊ ရခိုင်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စပါးခင်းများပျက်စီးမှုအပြင် လူသေဆုံးမှု ရှိခဲ့သည်။ 

ရခိုင်ပြည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် စပါးခင်းအများအပြား ပျက်စီးခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ အ‌ပေါ်အကူအညီများ လိုအပ်နေသည်။ 

“ဒီလောက်အခက်အခဲတွေကြားက ရုန်းကန်စိုက်ပျိုးထားတာ အခုတော့ ပျက်စီးသွားပြီ။ သိုလှောင်ထားတဲ့ စပါးတွေကလည်း ပျက်စီးဆုံးရှုံးသွားတော့ ပြန်စိုက်ဖို့က မလွယ်ဘူး။ မျိုးစပါး၊ ဓာတ်မြေဩဇာကအစ အားလုံး အခက်အခဲတွေချည်းပဲ။ ပြန်မစိုက်နိုင်ရင်တော့ နောက်နှစ် စားနပ်ရိက္ခာအတွက် စိန်ခေါ်မှုရှိနေတယ်” ဟု ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။ 
 
WFP အနေဖြင့် ရေဘေးသင့်ဒေသများကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်ပါက ရေးဘေးတုံ့ပြန်မှု လုပ်ငန်းများကို ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုထားသည်။ 

စစ်အာဏာသိမ်းမှုအကျိုးဆက် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ အခက်အခဲများစွာဖြင့် ဖြတ်သန်းနေရသည့်ထဲ ရေဘေးဒဏ်ကိုပါ ရင်ဆိုင်နေကြရသည်။