ရခိုင် ဒုက္ခသည်များထံ ကူညီခွင့်ရရှိရေးမှာ အကြီးမားဆုံးအခက်အခဲဖြစ်နေဟု WFP ပြော

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရခိုင်ပြည်က အကူညီလိုအပ်နေသူများထံ သွားရောက်ကူညီခွင့် ရရှိရေးမှာ အကြီးမားဆုံး အခက်အခဲဖြစ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောသည်။

By Admin 05 Mar 2025

WFP ၏ လူသားချင်းစာနာမှု အကူအညီ ပေးမှုများကိုတွေ့ရစဉ်။ ဓာတ်ပုံ - WFP
WFP ၏ လူသားချင်းစာနာမှု အကူအညီ ပေးမှုများကိုတွေ့ရစဉ်။ ဓာတ်ပုံ - WFP

DMG ၊ မတ် ၅

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရခိုင်ပြည်က အကူညီလိုအပ်နေသူများထံ သွားရောက်ကူညီခွင့် ရရှိရေးမှာ အကြီးမားဆုံး အခက်အခဲဖြစ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခနှင့် လမ်းခရီးပိတ်ဆို့မှုအပြင် ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အပေါ် ကျရောက်နိုင်သည့် ဘေးအန္တရာယ်များကြောင့် စားနပ်ရိက္ခာသွားရောက်ထောက်ပံ့နိုင်ရန် စိန်ခေါ်များစွာရှိနေခြင်းဖြစ်သည်ဟု WFP ၏ တာဝန်ရှိသူက DMG ကို (မတ်လ ၂ ရက်က) Email မှ တစ်ဆင့် ဖြေကြားသည်။

" WFP အတွက် ရခိုင်ပြည်နယ်မှာ အကြီးမားဆုံး အခက်အခဲကတော့ အကူအညီလိုအပ်နေသူတွေဆီ သွားရောက် ကူညီခွင့် ရရှိရေးပါပဲ။ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လမ်းပိတ်ဆို့မှုတွေအပြင် ကျနော်တို့ ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအပေါ် ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်တွေဟာ စားနပ်ရိက္ခာနဲ့ တခြား အထောက်အပံ့တွေကို ပို့ဆောင်ရာမှာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်" ဟု ပြောသည်။

WFP အနေဖြင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲကြောင့် ကြန့်ကြာမှုအချို့ ရှိခဲ့သော်လည်း ယခုရက်သတ္တတစ်ပတ်အတွင်း စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့များကို ရခိုင်ပြည်က မြို့နယ်အသီးသီးတွင် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

လက်ရှိထောက်ပံ့ပေးသည့်အခါ ၂ လစာရိက္ခာများကို တစ်ခါတည်း ပေးအပ်သွားမည်ဖြစ်သည့်အပြင် ဆက်လက်ထောက်ပံ့ပေးသွားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေနေကြောင်းလည်း WFP က ပြောသည်။

တစ်ချိန်တည်းတွင် ကုန်စျေးနှုန်းများ တစ်ရိပ်ရိပ်တက်နေသဖြင့် ကုန်စျေးနှုန်းနှင့် အညီ ငွေသား အထောက်အပံ့ ပမာဏကိုလည်း တိုးမြှင့်ပေးရန် ဝန်ပိလာသည့် အခြေအနေကြားကနေ ကြိုးစားနေကြောင်း ဆိုသည်။

" ကျနော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားဆောင်ရွက်နေသလို၊ နေရာဒေသမရွေးက နေရပ်စွန့်ခွာ လာရသူ တိုင်းကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကိုလည်း ရှာဖွေနေပါတယ်" ဟု WFP တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် WFP အနေဖြင့် သတ်မှတ်ထားသည့် တစ်လစာရိက္ခာ အထောက်အပံ့မှာ ဆန်၊ ဆီ၊ ပဲ၊ ဆား (သို့ မဟုတ်) ၎င်းနှင့် ညီမျှသည့် ငွေသားအထောက်အပံ့အပါအဝင် အချို့ဒေသများ၌ သိုလှောင်ရုံ အခက်အခဲကြောင့် ရိက္ခာနှင့် ငွေသား ပေါင်းစပ်ပေးအပ်မှုလည်း ရှိကြောင်း သိရသည်။

DMG ၏ လေ့လာချက်အရ ရခိုင်ပြည်ရှိ စစ်ရေးပဋိပက္ခဖြစ်ရာ မြို့နယ်များနှင့် ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းအချို့မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်ကာ WFP ၏ ရိက္ခာအထောက်အပံ့များ လိုအပ်နေကြောင်း သိရသည်။ " အတိကျမဟုတ်ပေမယ့် WFP ဆီက စစ်ဘေးရှောင်တွေ ရိက္ခာမရတာက တိုက်ပွဲဖြစ်ကတည်းကလို့ ပြောလို့ရတယ်။ တချို့ကတော့ ၅ လလောက်ကြာတယ်။ တချို့ကျတော့လည်း နှစ်ချီနေပြီ။ စစ်ဘေးရှောင်တွေကတော့ မျှော်နေကြတာရှိတယ်။ ဘူးသီးတောင်၊ မောင်တောဆိုရင်လည်း ၄ လလောက် ရှိပြီ " ဟု မောင်တောဒေခံ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းကျော်ရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) စာရင်းများအရ သိရသည်။

ထို့အတူ မွတ်ဆလင်ဒုက္ခသည်များအပါအဝင် ရခိုင်ပြည်တွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များရှိ စစ်ဘေးရှောင်များမှာလည်း စားနပ်ရိက္ခာ ထောက်ပံ့မှု မရရှိသည့်အတွက် အခက်အခဲ ဖြစ်နေကြသည်။

" ကျောက်တော်ဖက်က စစ်ဘေးရှောင်တွေကတော့ တခြားလူမှုအဖွဲအစည်းတွေရဲ့ ထောက်ပံ့မှုရတာ ရှိတယ်။ လူမှုအဖွဲ့အစည်းက ထောက်ပံ့တာနဲ့ ရပ်တည်နေရတာ။ အလုပ်လည်း သိပ်မရှိတော့ သူတို့မှာ စားဝတ်နေရေး ခက်ခဲနေကြတယ် " ဟု ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း ထိခိုက်လွယ်သူများနှင့် အထောက်အပံ့လို အပ်နေသည့် ဒုက္ခသည်များကို WFP က ၁၉၉၄ ခုနှစ်မှ စတင်ကာ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်မှ စ၍ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုရှိနေခြင်းဖြစ်သည်ဟု သိရသည်။