ပဋိပက္ခအတွင်း လူသားချင်းစာနာမှု အထောက်အပံ့နှင့် ဝန်ထမ်းများကို ကာကွယ်ရန် WFP တိုက်တွန်း

ရခိုင်ပြည်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုတွင် WFP တံဆိပ်ပါ ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းများအရ သိရပြီး ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲ၍ ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း WFP က ထုတ်ပြန်သည်။  

By Admin 18 Dec 2024

 ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း မောင်တော WFP ဂိုဒေါင်မှ ပစ္စည်းများအား ဖောက်ထွင်းပြောင်းရွှေ့ နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း မောင်တော WFP ဂိုဒေါင်မှ ပစ္စည်းများအား ဖောက်ထွင်းပြောင်းရွှေ့ နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဒီဇင်ဘာ ၁၈

ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ ဒီဇင်ဘာ ၁၈ ရက်တွင် တိုက်တွန်းထားသည်။ ရခိုင်ပြည်မြောက်ပိုင်း လူသားချင်းစာနာမှုအထောက်အပံ့ဆိုင်ရာ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ 

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူ အဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် ထပ်လောင်းတောင်းဆိုကြောင်း WFP က ဆိုထားသည်။ 

ရခိုင်ပြည်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုတွင် WFP တံဆိပ်ပါ ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းများအရ သိရပြီး ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲ၍ ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း WFP က ထုတ်ပြန်သည်။   

သို့သော် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ရခိုင်ပြည်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံတွင် ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် အလွဲသုံးစား ပြုလုပ်မှုမှန်သမျှဟာ လက်ခံနိုင်ဖွယ် မရှိဘူး” ဟု WFP က ဆိုသည်။ 

နိုင်ငံရေးသမားတစ်ဦးက “ဒီလို လူသားချင်းစာနာမှု အကူညီတွေပေးမယ့် ပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူတာတွေက အရမ်းကို အရှက်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါက နိုင်ငံတကာအမြင်မှာလည်း မြန်မာတွေရဲ့ ပုံရိပ်တွေကို ထိခိုက်စေတယ်။ ဒီလိုလုပ်ရပ်တွေကို ကျနော်တို့ကတော့ ပြင်းထန်စွာ ရှုတ်ချပါတယ်” ဟု ပြောသည်။ 

စစ်ရေးပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တနေ့တခြား ပိုမိုဆိုးရွားလာနေကြောင်း WFP က ထုတ်ပြန်ထားသည်။ 

လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခအပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရာသီဥတုဖောက်ပြန်မှုနှင့်် စီးပွားရေး ကျဆင်းမှုကြောင့် နိုင်ငံအနှံ့တွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ ပိုဆိုးလာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် ဒေါ်ကြည်စိုးက “ထမင်းတောင် ငှက်ပျောသီးတစ်လုံးနဲ့ စားနေရတာ။ ဒီကြားထဲ ဆန်ကလည်း မရှိတော့ဘူး။ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီတာ မရှိသလောက်ရှားသွားတော့ ကျမတို့ရဲ့ ဒုက္ခတွင်းလည်း ပိုနက်သွားတာပေါ့” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၇ သိန်းခန့် စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာကူညီထောက်ပံ့မှုများ နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း မြင့်မားခြင်းတို့ကြောင့် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသည်။ 

၂၀၂၄ ခုနှစ်တွင် နိုင်ငံတဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူဦးရေ နေ့စဉ်နှင့်အမျှ တိုးလာနေပြီး ကူညီထောက်ပံ့မှု လိုအပ်ချက်မှာလည်း မြင့်တက်နေဆဲဖြစ်သည်။ 

“အခုကာလမှာ စစ်ဘေးရှောင်တွေက ကြုံရာကျပန်းနဲ့ လုပ်အားခတွေလည်း ပုံမှန်မရှိတာရယ်၊ စားသောက်ကုန် ဈေးမြင့်တက်နေတောကြောင့် တော်တော်လေး အခက်ကြုံနေကြရတယ်” ဟု စစ်ကိုင်းတိုင်း၊ တမူးမြို့မှ စစ်ဘေးရှောင်အရေးကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဆန်တစ်အိတ် ငွေကျပ်တစ်သိန်းခွဲနှင့် ဆီတစ်ပိဿာ ငွေကျပ် ၃ သောင်း ခန့်အထိ ဈေးမြင့်တက်နေ၍ စစ်ဘေးရှောင် ၁,၅၀၀ ခန့် အခက်ကြုံနေရသည်။ 

မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေ ၁၃ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ သန်းခွဲနီးပါးမှာလည်း ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း WFP ၏ ပြီးခဲ့သည့် နိုဝင်ဘာလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။