- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်နေဆဲ
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံတဝန်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီး ၆ ဦးသာ ရှိခဲ့သော်လည်း အောက်တိုဘာလတွင် သေဆုံးဒဏ်ရာရရှိသည်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်လာသည်။
05 Nov 2024
DMG ၊ နိုဝင်ဘာ ၅
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် အမျိုးသမီးများမှာ လုံခြုံမှုကင်းမဲ့နေရပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီး ၉ ဦးထက်မနည်း ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းစစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် အမျိုးသမီး ၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီး ၅ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံတဝန်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီး ၆ ဦးသာ ရှိခဲ့သော်လည်း အောက်တိုဘာလတွင် သေဆုံးဒဏ်ရာရရှိသည်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်လာခြင်းဖြစ်သည်။
“စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတယ်” ဟု BWU ၏ ထုတ်ပြန်ချက်က ဆိုသည်။
အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုတို့ကို ကြုံတွေ့နေရသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများဖြင့် ဖြတ်သန်းနေကြရသည်။
“ဒီလိုမျိုး အကြမ်းဖက်ခံရတာတွေကို အဖက်ဖက်က မြင်နေကြားနေရတော့ မိန်းကလေးတစ်ယောက်အနေနဲ့ စိုးရိမ်စိတ်တွေ စိတ်ခြောက်ခြားတာတွေ ဖြစ်တယ်။ သူတို့(စစ်ကောင်စီ)က လက်နက်အားကိုးနဲ့ ကျူးလွန်ကြတာဆိုတော့ ပိုပြီး စိုးရိမ်ရတယ် ”ဟု ရခိုင်က အမျိုးသမီးတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်အုပ်စုသည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသောနေရာများ သာမက အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများ၊ ထိန်းသိမ်းရေးစခန်းများနှင့် စစ်ဆေးရေးဂိတ်များ ကဲ့သို့သော ပဋိပက္ခမဖြစ်သော နေရာများတွင်လည်း ကျုးလွန်နေကြောင်း BWU ၏ အောက်တိုဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
ပဋိပက္ခကာလများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု များစွာရှိနိုင်သော်လည်း ရှင်သန်လွတ်မြောက်လာသူများနှင့် မိသားစုများသည် ၎င်းတို့၏ လုံခြုံရေးစိုးရိမ်ချက်များကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။
လက်ရှိတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အမျိုးသမီးများမှာ တရားမျှတမှုရရှိရန် ခက်ခဲနေ၍ နိုင်ငံတကာအကူအညီများ လိုအပ်နေကြောင်း BWU မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောသည်။
“ဒီအကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ကို တတ်နိုင်တဲ့ နည်းနဲ့ လုပ်ဆောင်သွားရမယ်။ သူတို့(စစ်ကောင်စီ)ရဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်သွားရမယ်။ အဲဒီအတွက် နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်တယ်။ နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစွဲဆိုနိုင်လောက်အောင် မှတ်တမ်းတွေကို စနစ်တကျ လုပ်ဆောင်ဖို့လည်း လိုအပ်တယ်” ဟု ပြောသည်။
နိုင်ငံတဝန်းတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု၊ ပစ်ခတ်ခံရမှု၊ မြေမြှုပ်မိုင်း၊ တိုက်ပွဲကြား ကျည်ထိမှန်မှု၊ မီးရှိ့သတ်ဖြတ်မှု၊ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကြောင့် အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့ရပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း BWU ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေတို့ကြောင့် သေဆုံးသူ အမျိုးသမီးစုစုပေါင်း ၁,၂၆၄ ဦးအထိရှိလာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းပြုစုချက်အရ သိရသည်။