- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
ပေါက်တောက သဲခုံရွာတွင် ငွေကျပ်သန်း ၃၀၀ သုံးပြီး ကမ်းထိန်းနံရံပြုလုပ်မည်
သဲခုံကျေးရွာတွင် မိုးရာသီရောက်တိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေသဖြင့် ကျေးရွာမြေဧရိယာ၏ သုံးပုံနှစ်ပုံခန့်မှာ ပျက်စီးဆုံးရှုံးသွားပြီဟု ဒေသခံများက ပြောသည်။
11 Nov 2023

DMG ၊ နိုဝင်ဘာ ၁၁
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်းရှိ သဲခုံကျေးရွာတွင် ဒီရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ နေအိမ်များပျက်စီးနေရသဖြင့် ပြည်နယ်ဘတ်ဂျက် ငွေသန်း ၃၀၀ အသုံးပြု၍ ကမ်းထိန်းနံရံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလျားပေ ၅၅၀ ၊ အနံ ၂ မီတာရှိသော ကမ်းထိန်းနံရံကို လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အပြီးပြုလုပ်သွားမည်ဟု ကမ်းထိန်းနံရံဆောက်လုပ်ရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ကိုဖြိုးဝေလင်းက ပြောသည်။
“လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ စုနေကြပြီ။ လုပ်ငန်းက စလုပ်ကြတော့မှာပါ။ နိုင်ငံခြားက မှာထားတဲ့ သံခင်းပေါ့။ အဲဒီသံခင်းထဲမှာ ကျောက်တွေကို အဆင့်ဆင့်စီပြီး လုပ်မှာ။ ကျနော်တို့က ဒီကမ်းထိန်းနံရံကို အခိုင်အမာလုပ်မှာ၊ တတ်နိုင်သလောက်တော့ အကောင်းဆုံးလုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
သဲခုံကျေးရွာသည် ဘင်္ဂလားပင်လယ်ဝနှင့် ကုလားတန်မြစ်အစပိုင်း ဆုံဆည်းသည့်နေရာ၌ တည်ရှိပြီး ယင်းနေရာမှ သဲနှင့် ကျောက်များကို ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် စစ်တွေဆိပ်ကမ်း တည်ဆောက်ရာတွင် အသုံးပြုရန် အာဏာပိုင်များက စက်ယန္တရားများဖြင့် တူးဖော်ခဲ့ကြသည်။
ထို့ကြောင့် ပင်လယ်လှိုင်းများမှာ သဲခုံကျေးရွာကို တိုက်ရိုက်ရိုက်ခတ်ပြီး နှစ်စဉ် ဒီရေတိုက်စားမှုဒဏ်ကို ခံစားနေရခြင်းဟု ကျေးရွာသားများနှင့် ရခိုင်မြစ်ချောင်းများကွန်ယက်က ထောက်ပြပြောဆိုကြသည်။
လက်ရှိ ဆောက်လုပ်သွားမည့် ကမ်းထိန်းနံရံ အလျားပေ ၅၅၀ မှာ သဲခုံကျေးရွာ၏ ကမ်းပတ်လည် ထက်ဝက်ခန့်သာ လုံလောက်မှုရှိမည်ဟု သဲခုံကျေးရွာ ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။
“ပေငါးရာကျော်က သဲခုံကမ်းခြေပတ်လမ်း တစ်ပိုင်းလောက်ကိုပဲ လုံလောက်မှုရှိမယ်။ လုပ်မယ်ဆိုရင် ကမ်းခြေတစ်ပတ် အကုန်လုံးကိုလုပ်မှ ပိုထိရောက်မှာ” ဟု ဦးသိန်းထွန်းက ပြောသည်။
သဲခုံကျေးရွာတွင် မိုးရာသီရောက်တိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေသဖြင့် ကျေးရွာမြေဧရိယာ၏ သုံးပုံနှစ်ပုံခန့်မှာ ပျက်စီးဆုံးရှုံးသွားပြီဟု ဒေသခံများက ပြောသည်။
“အခုလိုလုပ်ပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ သဲခုံရွာပတ်လည်အကုန်လုံးကို မလုပ်ပေးပေမယ့် အဆိုးထဲက အကောင်းတစ်ခုလို့ ပြောရမှာပေါ့။ ပေငါးရာကျော်ဆိုတော့ တစ်ပိုင်းပဲ လုံလောက်မှာ။ အဲဒါကြောင့် မိုးရာသီရောက်ရင် ဒီရေတိုက်စားမှုကို ထပ်ပြီးခံစားရမလား စောင့်ကြည့်ရဦးမယ်” ဟု သဲခုံကျေးရွာမှ ဒေါ်ခင်ခင်သိန်းက ပြောသည်။
သဲခုံကျေးရွာတွင် အိမ်ခြေ ၄၅၀ ခန့်၊ လူဦးရေ ၂,၀၀၀ ခန့်ရှိပြီး ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် အိမ်ခြေ ၄၂၀ ခန့်နှင့် ငါးဖမ်းလှေအပါအဝင် ငါးဖမ်းပိုက် အများအပြားမှာ ဒီရေနှင့်အတူ မျောပါသွားခဲ့သည်။
#D004 #DMG