ထိုင်းနိုင်ငံက ပုစွန်မွေးမြူရေးပုံစံဖြင့် ရခိုင်တွင် ရေငံပုစွန်များ စမ်းသပ်မွေးမြူနေ
ရခိုင်ပင်လယ်ပြင်တွင် သား၊ ငါး၊ ပုစွန်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
10 Feb 2023
DMG ၊ ဖေဖော်ဝါရီ ၁၀
ထိုင်းနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည့် ပုစွန်မွေးမြူရေးပုံစံကို အတုယူ၍ ရခိုင်ပြည် ပေါက်တောမြို့နယ်တွင် ရေငံပုစွန်သားပေါက်များ စမ်းသပ်မွေးမြူနေကြောင်း သိရသည်။
ထိုင်းမွေးမြူရေးပုံစံတွင် ပုစွန်မွေးမြူမည့်ကန်ကို ၄ လခန့် နေပူလှန်း အခြောက်ခံပြီးနောက် ဆားငံရေနှင့် ကန်ကို ဆေးကြောရသည်။ ထို့နောက် ကန်ကို ထုံးဖြူး၊ ရေသွင်းပြီးသည့်အခါမှ ပုစွန်သားပေါက်များ ထည့်သွင်းမွေးမြူခြင်းဖြစ်သည်။
“ပေါက်တောမြို့နယ်မှာဆိုရင် ကျနော်တစ်ယောက်တည်းပဲ လုပ်တာ။ တစ်ယောက်မှ မလုပ်ကြသေးဘူး။ အချိန်လည်း မပေးနိုင်ကြဘူးလေ။ အဲဒါက တစ်လမှာဆိုရင် ဆယ်သိန်း၊ ငါးသိန်းလောက် ဝင်ငွေရတာကို နှမြောပြီးတော့ လူတွေက မလုပ်ကြဘူး။ ကျနော်ကတော့ တစ်လမှာ ဆယ့်ငါးသိန်းလောက် ဝင်တယ်ပေါ့။ ပျမ်းမျှအားဖြင့် ဒီလိုနွေရာသီမှာဆိုရင် ဘယ်သူမှ စွန့်စားပြီးတော့ မလုပ်ရဲကြဘူး” ဟု ရေငံပုစွန်လုပ်ငန်းရှင် ဦးမောင်သန်းတင်က ပြောသည်။
ဦးမောင်သန်းတင်သည် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းကို နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်လာသူဖြစ်ပြီး လက်ရှိမှာ ရခိုင်ပြည်အတွင်း သား၊ ငါး၊ ပုစွန်များကို စည်းကမ်းမဲ့ ဖမ်းဆီးမှုများကြောင့် ပုစွန်သားပေါက်များ နည်းပါး လာသည့်အတွက် မွေးမြူရေးပုံစံအသစ်ဖြင့် စမ်းသပ်မွေးမြူနေခြင်းဖြစ်သည်။
ဧက ၈၀ ကျော်ကျယ်ဝန်းသည့် ဦးမောင်သန်းတင်၏ ပုစွန်ကန်မှ ယခင်က တစ်နေ့လျှင် ပုစွန်ပိဿာချိန် ၂၀၀ ခန့် ရရှိခဲ့သော်လည်း ယခုအခါ ၅ ရက်ခန့်ကြာမှ ပုစွန်ပိဿာချိန် ၂၀၀ ခန့် ရရှိကြောင်း သိရသည်။
“တီထွင်ကြည့်တာပေါ့နော်။ နေလှန်းလိုက်ရင် အထွက်နှုန်းကောင်းတယ်လို့ ကြားတယ်။ ၃ နှစ်မှာတစ်ခါ နေ လှန်းပေးပြီး ဒီလိုလုပ်တယ်ဆိုရင် ပုံမှန်ထက် အထွက်နှုန်းကောင်းတယ်ကြားလို့ စမ်းလုပ်ကြည့်တာပေါ့” ဟု ဦးမောင်သန်းတင်က ဆက်ပြောသည်။
ပုစွန်မွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် ပုစွန်မွေးမြူသည့်အခါ ပုစွန်ကန်ကို နေပူလှန်းခြင်း၊ ရေသွင်း၊ ရေထုတ်ခြင်းများ မပြုလုပ်ပေးလျှင် ပုစွန်သားပေါက်ကောင်များအတွက် အန္တရာယ်ရှိနိုင်သည့်အတွက် ပုစွန်ကန်နေပူလှန်းစနစ်ကို ပြုလုပ်ပေးသင့်ကြောင်း စစ်တွေမြို့နယ်ရှိ ရေချမ်းပြင် ပုစွန်သားဖောက်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးကျော်ထွန်းဇံက ပြောသည်။
“အခြောက်ခံလိုက်ခြင်းအားဖြင့် အောက်ခြေက မြေသားတွေဟာ လေဝင်လေထွက်ကောင်းသွားတော့ အောက်ဆီဒိုင်း (Oxidize)ဓာတ် တိုးသွားတာပေါ့။ ကန်အောက်ခြေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေရှိတယ်။ အဲဒါကလည်း ပုစွန်အတွက် အန္တရာယ်ဖြစ်စေမယ့် ပိုးမွှားလေးတွေကို ထိန်းချုပ်ပေးလိုက်တာလည်း ဖြစ်တယ်။ အဲဒါကြောင့် ပုစွန်မွေးတဲ့အခါ မြေကြီးအခြေနေကောင်းသွားတော့ ပုစွန်ဖြစ်ထွန်းမှု အများကြီးတိုးတာပေါ့” ဟု ဦးစီးအရာရှိ ဦးကျော်ထွန်းဇံက ပြောဆိုသည်။
ရခိုင်ပင်လယ်ပြင်တွင် သား၊ ငါး၊ ပုစွန်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
မြန်မာ့ရေနက်ပိုင်းအတွင်း ငါးသယံဇာတတည်ရှိမှုနှင့် စပ်လျဉ်း၍ နော်ဝေသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ သိသိသာသာလျော့နည်းလာနေပြီး ၂၀၁၈ ခုနှစ် ရေပေါ်ငါးထုတ်လုပ်မှုသည် ၁၉၇၉-၁၉၈၀ ပြည့်နှစ် ပမာဏနှင့် နှိုင်းယှဉ်လျှင် ၈၀ ရာခိုင်နှုန်း လျော့နည်းသွားသည်ဟု ဖော်ပြထားသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (၁၆)ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင်ဆိုလျှင် မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း ငါးမျိုးစိတ် ၁၆ မျိုး မျိုးသုန်းသွားပြီး လွန်ခဲ့သည့် နှစ် ၅၀ အတွင်း ရွှေ့ပြောင်းနေထိုင်လာသည့် ငါးမျိုးစိတ် လေးပုံသုံးပုံ လျော့ကျလာကြောင်း ဖော်ပြထားသည်။
#R005