ရခိုင်ဒေသက တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများ ရပ်နားထားရ

စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုကြောင့် လိုအပ်သည့်ကုန်ကြမ်းများ မရရှိခြင်း၊ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရခြင်း၊ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် လုပ်ငန်းရပ်နားလိုက်ရကြောင်း ပြောဆိုကြသည်။

By Admin 30 Aug 2024

စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ ကြက်မွေးမြူရေးခြံတစ်ခုအား ၂၀၂၁ ခုနှစ်က တွေ့ရစဉ်။ 
စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ ကြက်မွေးမြူရေးခြံတစ်ခုအား ၂၀၂၁ ခုနှစ်က တွေ့ရစဉ်။ 

DMG ၊ ဩဂုတ် ၃၀ 

စစ်ရေးပဋိပက္ခကာလဖြစ်၍ ရခိုင်ဒေသရှိ ကြက်၊ ဝက်၊ ငါး၊ ပုစွန် စသည့် တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများမှာ လုပ်ငန်းအားလုံး ရပ်နားထားရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုကြောင့် လိုအပ်သည့်ကုန်ကြမ်းများ မရရှိခြင်း၊ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရခြင်း၊ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် လုပ်ငန်းရပ်နားလိုက်ရကြောင်း ပြောဆိုကြသည်။

စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာမှ ကြက်မွေးမြူရေးလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက “အရင်းအနှီးမရှိလို့ ဆက်မလုပ်ဖြစ်တော့ဘူး။ တနိုင်တပိုင်ဆိုပေမယ့် သိန်းရာနဲ့ချီပြီး ရင်းနှီးရတာကိုး။ ပြီးတော့ ရွာမှာလည်း စစ်တပ်က အဖမ်းအဆီးတွေရှိလို့ နေလို့မရတော့ဘူး။ အဲဒါကြောင့် ကြက်မွေးတာကို ရပ်လိုက်ရတယ်” ဟု ပြောသည်။

ယခင်က မြို့နယ်အလိုက် အမျိုးသမီးများအား တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရင်းနှီးငွေများ ထောက်ပံ့ပေးခဲ့ပြီး ရခိုင်တိုက်ပွဲစတင်ပြီးနောက်ပိုင်း အထောက်အပံ့များ မရရှိတော့ပေ။ 

၂၀၂၃ ခုနှစ်၊ မေလက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် မွေးမြူရေးလုပ်ငန်းများ ပျက်စီးခဲ့ရပြီးနောက် လုပ်ငန်းရှင်များမှာ ရွှေတိုရွှေစများကို ပေါင်နှံရောင်းချကာ အရင်းအနှီးစိုက်ထည့်ပြီး လုပ်ကိုင်ခဲ့ကြသော်လည်း တကျော့ပြန်တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိနေကြသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက “မုန်တိုင်းနောက်ပိုင်း ရှိတာလေးနဲ့ ရင်းနှီးပြီးလုပ်နေတာ။ တိုက်ပွဲတွေဖြစ်လာတော့ မွေးမြူရေးကန်ကို ပစ်ထားခဲ့ရတယ်။ ရှိတာကိုရင်းပြီးလုပ်ထားတော့ အရမ်းနစ်နာတယ်” ဟု ပြောသည်။ 

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် မြို့နယ်များတွင်လည်း ပြည်ပကနေ မှာယူရသည့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ခြင်း၊ တင်ပို့ရောင်းချမည့် ဈေးကွက်မရှိခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများ ရပ်နားထားရသည်။ 

မြောက်ဦးမြို့နယ်၊ ရွာသစ်ကေကျေးရွာမှ ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးသန်းအောင်ကျော်က “ ကျနော်မှာ အရင်က ဝက် အကောင်တစ်ရာကျော် မွေးတာ။ အခု တိုက်ပွဲတွေ‌ကြောင့် အကုန်အကျပ်အတည်းဖြစ်တော့ ရှစ်ကောင်ပဲ မွေးနိုင်တော့တယ်။ အရင်းအနှီးမစိုက်နိုင်ဘူးလေ။ ပြီးတော့ တင်ပို့ဖို့ ဈေးကွက်မရှိဘူး။ အစားအစာလည်း ရှားပါးတယ်” ဟု ပြောသည်။

စစ်ရေးကာလတွင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ကုန်ကြမ်းများမှာ အဓိကစိန်ခေါ်မှုဖြစ်ပြီး လုပ်ငန်းအားလုံးနီးပါးကို ရပ်နားထားရသဖြင့် ပြည်တွင်းထုတ်ကုန်များ မရှိတော့ပေ။