ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် ချေးငွေထုတ်ပေးမည့်ကိစ္စ စစ်ကောင်စီနှုတ်ဆိတ်နေ 

မုန်တိုင်းသင့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် ချေးငွေထုတ်ပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်မှာ နှစ်လကျော်ကြာလာသည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။ 

By Admin 25 Aug 2023

စစ်တွေမြို့ ဈေးဆိပ်ကမ်းတွင် ကမ်းကပ်ထားသော ငါးဖမ်းစက်လှေတစ်စင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
စစ်တွေမြို့ ဈေးဆိပ်ကမ်းတွင် ကမ်းကပ်ထားသော ငါးဖမ်းစက်လှေတစ်စင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၅

မုန်တိုင်းကြောင့် ထိခိုက်နစ်နာခဲ့ရသော ရခိုင်ပြည်အတွင်းက ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် ချေးငွေထုတ်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။ 

မုန်တိုင်းသင့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် ချေးငွေထုတ်ပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်မှာ နှစ်လကျော်ကြာလာသည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။  

“ချေးငွေကိစ္စက ဘာသတင်းမှ မကြားရသေးဘူး။ ရမယ်မထင်တော့ဘူး။ လုပ်ငန်းရှင်တွေကလည်း ချေးငွေရဖို့ အများကြီး တင်ပြထားတာတွေရှိတယ်။ တင်ပြထားတဲ့လူတွေများတော့ သူတို့(စစ်ကောင်စီ)အနေနဲ့ ငွေကြေးပမာဏကို စိစစ်နေတာမျိုးတွေလည်း ဖြစ်နိုင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့မှ ပုစွန်မွေးမြူရေး လုပ်ငန်းရှင် ဦးကျော်သောင်းက ပြောသည်။

ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များမှာ မုန်တိုင်းကြောင့်ပျက်စီးသွားသည့် လုပ်ငန်းသုံးပစ္စည်းများကို ငွေကြေးအခက်အခဲကြောင့် မပြုပြင်နိုင်သေး၍ ယခုအချိန်ထိ လုပ်ငန်းပုံမှန် မလည်ပတ်နိုင်ကြသေးပေ။ 

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း နေအိမ်၊ အဆောက်အအုံ အများအပြားပျက်စီးသွားပြီး ဒေသခံများမှာ စားဝတ်နေရေးအတွက် အမှီပြုနေရသော ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း ဆက်စပ်ပစ္စည်းများကိုလည်း ဆုံးရှုံးသွားခဲ့သည်။  

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရခိုင်က ရေလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းရှင်တို့ စစ်တွေမြို့တွင်တွေ့ဆုံစဉ် စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လုပ်ငန်းရှင်များအား ချေးငွေပေးမည်ဟု ကတိပေးခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ရာတွင် “အဲဒါနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကတော့ စီစဉ်ထားတာ ရှိ/မရှိ မသိဘူး။ ပြည်ထောင်စုကလည်း ကျနော်တို့ဆီကို ချေးငွေချေးဖို့အတွက် ချပေးထားတာ မရှိသေးဘူး” ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ယာယီညွှန်ကြားရေးမှူး ဦးအောင်တင်စောက ဖြေကြားသည်။

လုပ်ငန်းရှင်များမှာ လက်ရှိအချိန်ထိ ချေးငွေမရရှိသေး၍ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးမည်ဟု စစ်ကောင်စီက ပြောဆိုခဲ့ခြင်းမှာ ဟန်ပြသက်သက်ဟု ရှုမြင်လာကြသည်။ 

“စစ်ကောင်စီအနေနဲ့ ကျမတို့လုပ်ငန်းရှင်တွေကို အိပ်မက်ပေးနေတာလို့ ပြောချင်တယ်။ ချေးငွေနဲ့ ပတ်သက်ပြီး အခုထိ ထူးခြားတာ မရှိသေးဘူး။ သူတို့အနေနဲ့ ဒီလုပ်ငန်းတွေကို တိုးတက်စေချင်တဲ့ ဆန္ဒရှိရင် လုပ်ပေးသင့်ပြီ” ဟု ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသော ပေါက်တောမြို့နယ်က လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပင်လယ်ကမ်းရိုးတန်းဒေသ ရခိုင်ပြည်တွင် ဒေသခံအများအပြားမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကာ အသက်မွေးကြပြီး မုန်တိုင်းကြောင့် လုပ်ငန်းအများအပြား ထိခိုက်ပျက်စီးသွားသဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးမှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။ 

#R005

ဗီဒီယိုများ