ကျောက်ဖြူတွင် ငါးဖမ်းခွင့်ပိတ်ထားသော်လည်း သင်္ဘောကြီးများ ငါးဖမ်းခွင့်ရနေ

မင်းပြင်ကျေးရွာကမ်းခြေနှင့် ၁၀ မိုင်ခန့်အကွာ၌ ပြည်မဘက်မှ ဝင်ရောက်လာသည့် ငါးဖမ်းသင်္ဘောကြီးများက ကင်းလှည့်နေသည့် စစ်ကောင်စီနေဗီကို ငွေပေးကာ ငါးဖမ်းခွင့်ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

By Admin 05 Oct 2024

ကျောက်ဖြူမြို့နယ်ရှိ ကမ်းဝေးငါးဖမ်းစက်လှေများကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုသောက်ဆန်း)
ကျောက်ဖြူမြို့နယ်ရှိ ကမ်းဝေးငါးဖမ်းစက်လှေများကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုသောက်ဆန်း)

DMG ၊ အောက်တိုဘာ ၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဒေသခံများပင်လယ်ပြင်ငါးဖမ်းခွင့်ကို စစ်ကောင်စီက တားမြစ်ထားသော်လည်း ငါးဖမ်းသင်္ဘောကြီးများကို ခွင့်ပြုထားကြောင်း သတင်းရရှိသည်။ 

မင်းပြင်ကျေးရွာကမ်းခြေနှင့် ၁၀ မိုင်ခန့်အကွာ၌ ပြည်မဘက်မှ ဝင်ရောက်လာသည့် ငါးဖမ်းသင်္ဘောကြီးများက ကင်းလှည့်နေသည့် စစ်ကောင်စီနေဗီကို ငွေပေးကာ ငါးဖမ်းခွင့်ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

“ကမ်းခြေနဲ့ ဆယ်မိုင်အတွင်းမှာတောင် ငါးဝင်ဖမ်းလို့ရတယ်။ စစ်ကောင်စီနေဗီတွေက ငွေယူပြီး ခွင့်ပြုထားတာ။ နေ့တိုင်းဖမ်းနေတာ။ ဒီလထဲလည်း လာဖမ်းတယ်” ဟု ကျောက်ဖြူမြို့နယ်မှ ငါးသယံဇာတထိန်းသိမ်းရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ ကမ်းနီးတွင် သင်္ဘောကြီးများဖြင့် ရက်တာရှည်ငါးဖမ်းလျှင် ငါးသယံဇာတရှားပါးမှုနှင့် ကြုံလာရနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ 

ရခိုင်တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ရပ်နားသွားပြီး ဌာနဆိုင်ရာဝန်ထမ်းများမှာလည်း စစ်ဘေးတိမ်းရှောင်နေကြ၍ ဌာနဆိုင်ရာလုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်း မရှိတော့ပေ။
စစ်ဘေးရှောင်နေသည့် ကျောက်ဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက “ဝန်ထမ်းအကုန်လုံးနီးပါးက စစ်ဘေးရှောင်နေကြတော့ ငါးလုပ်ငန်းဦးစီးဌာနက အလုပ်မဖြစ်တော့ဘူး။ အဲဒါကြောင့် ကမ်းနီး၊ ကမ်းဝေးပဲ ဖြစ်ဖြစ် သားငါးသယံဇာတကို ထိန်းသိမ်းတာပဲဖြစ်ဖြစ် မလုပ်နိုင်တော့ဘူးပေါ့” ဟု ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျောက်ဖြူမြို့နယ်တွင် ဒေသခံရေလုပ်သားများကို ပင်လယ်ပြင်ထွက်ခွင့်၊ ငါးဖမ်းခွင့်များကို စစ်ကောင်စီက တားမြစ်ထားပြီး၊ စားဝတ်နေရေးကြောင့် ငါးထွက်ဖမ်းသည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့်လှမ်းပစ်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ လုပ်ဆောင်ခဲ့သည်။ 

ကျောက်ဖြူဒေသခံ အများစုမှာ ရေလုပ်ငန်းဖြင့် အဓိကအသက်မွေးကြပြီး ငါးဖမ်းခွင့် ပိတ်ပင်ခံထားရသဖြင့်  ရေလုပ်သားများမှာ မိသားစုစားဝတ်နေရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။ 

“သင်္ဘောကြီးတွေ ငါးဖမ်းခွင့်ရပေမယ့် ကျနော်တို့က ကမ်းနီးမှာ မျှောပိုက်တောင် ချလို့မရဘူး။ လှေနဲ့ငါးဖမ်းဖို့ ကမ်းကထွက်ဖို့တောင် အဆင်မပြေဘူး။ ဖမ်းတယ်။ လှေတွေကို သိမ်းတယ်” ဟု ကျောက်ဖြူမြို့ခံ တံငါသည်တစ်ဦးက ပြောသည်။ 

ယင်းအပြင် တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ သွားလာရလွယ်ကူရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သံဇစ်မြစ်ကို တူးဖော်မည်ဟုဆိုကာ သံဇစ်မြစ်အတွင်း ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းခြင်းကို မလုပ်ဖို့ စစ်ကောင်စီ တားမြစ်ထားသည်။