ရခိုင်တွင် မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ရှိလာ၍ မီးဘေးအန္တရာယ် သတိပြုရန်လိုအပ်

မြောက်ဦး၊ မင်းပြား၊ ပေါက်တောစသည့်မြို့နယ်တို့တွင် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်စဉ် ၄ ခုအထိရှိနေပြီး နေအိမ် ၇ ဆောင် မီးလောင်ပျက်စီးကာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။

By Admin 06 Feb 2025

ပုံစာ - AA ထိန်းချုပ်နယ်မြေတွင် မီးဘေးအန္တရာယ် သတိပေးဆိုင်းဘုတ် စိုက်ထူထားသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - APM
ပုံစာ - AA ထိန်းချုပ်နယ်မြေတွင် မီးဘေးအန္တရာယ် သတိပေးဆိုင်းဘုတ် စိုက်ထူထားသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - APM

DMG ၊ ဖေဖော်ဝါရီ ၆

နွေရာသီကာလ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ရခိုင်ကမြို့နယ်အချို့တွင် ပေါ့ဆမီးကြောင့် နေအိမ်မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုရှိလာနေ၍ မီးဘေးအန္တရာယ် သတိပြုရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

မြောက်ဦး၊ မင်းပြား၊ ပေါက်တောစသည့်မြို့နယ်တို့တွင် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်စဉ် ၄ ခုအထိရှိနေပြီး နေအိမ် ၇ ဆောင် မီးလောင်ပျက်စီးကာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။

"နွေရောက်ရောက်လာပြီဆိုတော့ မီးအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့လိုတယ်။ တခါတလေ သတိမမူမိတဲ့ ဆေးလိပ်မီးတွေ၊ ခြင်ဆေးခွေတွေကအစ အန္တရာယ်ဖြစ်စေတယ်။ ဖယောင်းတိုင်မီးတွေ၊ ချက်ပြုတ်ပြီးရင် ကျန်နေခဲ့တဲ့ မီးအကြွင်းအကျန်တွေကနေ လောင်ကျွမ်းတာဖြစ်တတ်တော့ သတိထားကြဖို့လိုတယ်" ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်က မြောက်ဦးမြို့နယ်၊ ရှမ်းတောင် (မွတ်ဆလင်)ကျေးရွာတွင် ထမင်းချက်ပြုတ်ပြီး မီးဖိုထဲ၌ကျန်ခဲ့သည့် မီးအကြွင်းအကျန်မှတစ်ဆင့် မီးလောင်းကျွမ်းမှုဖြစ်၍ နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးသွားခဲ့သည်။

ယင်းအပြင် ဇန်နဝါရီ ၂၀ ရက်ကလည်း မင်းပြားမြို့နယ်၊ ဥက္ကာပျံရပ်ကွက်တွင် ပေါ့ဆမီးတစ်ခုကြောင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ရသည်။

အာရက္ခတပ်တော်ထိန်းချုပ်ဒေသများတွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအနေဖြင့် မီးဘေးအန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးဘေးအန္တရာယ်မဖြစ်ပေါ် ရေး မြို့/ရွာရပ်ကွက်များတွင် လှည့်လည်အသိပေးနှိုးဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

" AA က မီးသတိပြုဖို့ ရပ်ကွက်အလိုက် ပတ်ပြီး သတိပေးတာတွေရှိတယ်။ ရေအိတ်၊ သဲအိတ်တွေ စိုက်ထူခိုင်းတာရှိတယ်။ စစ်ဆေးလို့မတွေ့ရင် အရေးယူမယ်လို့ သတိပေးတာတွေရှိတယ်။ စစ်ရှောင်စခန်းတွေမှာဆိုရင်လည်း သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပေးတာတွေတွေ့ရတယ်" ဟု ကျောက်တော်ဒေသခံ မခင်ခင်ချိုက ပြောသည်။

မီးလောင်ကျွမ်းမှုသည် ပေါ့ဆမီးကြောင့်အဖြစ်များတတ်ပြီး မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်းကျွမ်းခြင်း၊ လောင်စာဆီများ စည်းကမ်းတကျသိုလှောင်မှုမရှိခြင်းကြောင့် မီးလောင်ကျွမ်းမှုဖြစ်စေသည့်အပြင် လျှပ်စစ် ဝါယာလျှော့၊ ဆေးလိမ်မီးများကို စည်းကမ်းမဲ့လွှင့်ပစ်ခြင်းစသည်တို့ကြောင့်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွား လေ့ရှိသည်။

ရခိုင်ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး အကျပ်အတည်း စိန်ခေါ်မှုများ ရင်ဆိုင်နေကြရချိန်တွင် မီးဘေးအန္တရာယ်ကြောင့် ထပ်မံဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြု နေထိုင်ရန်လိုအပ်သည်။