- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA ထိန်းချုပ်နယ်မြေအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီက စစ်ရေယာဉ် အထိုင်ချထားဆဲ
AA သိမ်းပိုက်ထားသည့် မြို့နယ်အနီးနား ပင်လယ်၊ မြစ်ဝများတွင် စစ်ရေယာဉ်များ နေရာယူစောင့်ကြည့်နေခြင်းမှာ စစ်ကောင်စီလက်လွှတ်ထားရသည့် မြို့နယ်များအား ပြန်လည်ထိုးစစ်ဆင်နိုင်ရန် သို့မဟုတ် ဒေသခံများကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။
27 Jan 2025
DMG ၊ ဇန်နဝါရီ ၂၇
ရခိုင်ပြည်တွင် AA သည် မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ဘင်္ဂလားပင်လယ်ပြင်ထဲတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်အချို့မှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပေါက်တော၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲစသည့် မြို့နယ်များရှိ ပင်လယ်ပြင်နှင့် မြစ်ဝများတွင် စစ်ကောင်စီနေဗီ ၁၀ စီးထက် မနည်းကို ဖြန့်ကျက်အထိုင်ချထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“မောင်တောဘက်မှာ နေဗီ နှစ်စီးရှိတယ်။ အရင်က သုံးစီးရှိခဲ့တာ။ အဲဒီအထဲက တစ်စီးက စစ်တွေကို အသွားအလာလုပ်တယ်။ မောင်တောမှာရှိတဲ့ နှစ်စီးဟာလည်း အင်းဒင်ရွာအောက်ဘက်ကို အတက်အဆင်းလုပ်ပြီး မကြာမကြာ ရွှေ့လျားနေတယ်” ဟု မောင်တောမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ရေယာဉ်နှစ်စီးမှာ ကမ်းကပ်လာခြင်းမရှိဘဲ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာမှ ရေမိုင် ၉ မိုင်ကျော်အကွာ ပင်လယ်ပြင်နှင့် ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းအနီးတို့တွင် ရှိနေခြင်းဖြစ်သည်။
ယင်းစစ်ရေယာဉ်များမှ ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာ ၁၉ တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး (မွတ်ဆလင်) ကျေးရွာသို့ ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၆ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ယင်းအပြင် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းအနောက်ဘက် ပင်လယ်ပြင်တွင်လည်း စစ်ရေယာဉ် ၃ စီးထက်မနည်းမှာ ကျောက်ဖြူနှင့် မောင်တောမြို့နယ်များသို့ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ပြောသည်။
“ကျနော် စုံစမ်းရသလောက်တော့ အနောက်ဖရုံကာကျွန်းအနီး ပင်လယ်ထဲမှာ သုံးစီးလောက်ရှိတယ်။ ကျောက်ဖြူဘက်က ဆင်းလာတာပေါ့။ အနောက်ဖရုံကာကျွန်းကနေ မောင်တောဘက် ပင်လယ်တကြောမှာ နေဗီတွေ ပုံမှန်သွားလာ လှုပ်ရှားတယ်” ဟု ပေါက်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အလားတူ ရမ်းဗြဲမြို့နယ် စကုကျွန်းအနီးနှင့် တောင်ကုတ် ကလိန်တောင်မြစ်ဝ တစ်ကြောတွင်လည်း နေဗီတစ်စီးကို ကျောက်ချရပ်နားထားသည်ကို မြင်ရကြောင်း ရမ်းဗြဲဒေသခံများက ဆိုသည်။
သံတွဲမြို့နယ် ပင်လယ်ပြင်တွင်လည်း စစ်ကောင်စီ ရေယာဉ်များ မကြားခဏ သွားလာလှုပ်ရှားမှုများကိုတွေ့ရသဖြင့် ဒေသခံများမှာ ငါးဖမ်းမထွက်ရဲကြောင်း သိရသည်။
ယခုကဲ့သို့ AA သိမ်းပိုက်ထားသည့် မြို့နယ်အနီးနား ပင်လယ်၊ မြစ်ဝများတွင် စစ်ရေယာဉ်များ နေရာယူစောင့်ကြည့်နေခြင်းမှာ စစ်ကောင်စီလက်လွှတ်ထားရသည့် မြို့နယ်များအား ပြန်လည်ထိုးစစ်ဆင်နိုင်ရန် သို့မဟုတ် ဒေသခံများကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။
“ရေတပ်နဲ့ စစ်ကောင်စီတပ်သားတွေ အင်အားအများကြီးနဲ့ ကမ်းကိုတင်ပြီး ပြန်လည်ထိုးစစ် ဆင်နိုင်သေးတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့ သူ (စစ်ကောင်စီ)သူတို့မှာ လက်နက်၊ လူအင်အား အများကြီးလိုတယ်။ ကမ်းစပ်တလျောက်လုံးမှာ အေအေက စိုးမိုးထားတာကိုး။ နောက်တစ်ခုက စစ်ကောင်စီအနေနဲ့ ပင်လယ်ရေပြင်ကနေပြီး နေဗီနဲ့ လုပ်ချင်တာ လုပ်လို့ရသေးတယ် ဆိုတာကို ခြိမ်းခြောက်နေတဲ့ သဘောပေါ့” ဟု ရခိုင် စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ကာ ရေတပ်အင်အားကို တိုးချဲ့ချထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ရခိုင်ကမြို့နယ်အများအပြား လက်လွှတ်ထားရသည့် စစ်ကောင်စီသည် ရခိုင်ရိုးတောင်တကြော၌ စစ်အင်အားတိုးချဲ့ကာ အမ်းနှင့် တောင်ကုတ်မြို့နယ်အား ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း AAနှင့် ပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။