ကျောက်ဖြူသို့ ကုန်ပစ္စည်းများတင်လာသည့် ကုန်သင်္ဘောကို စစ်ကောင်စီ ဖမ်းဆီး

အခြေခံစားသောက်ကုန် တန်ချိန် ၇၅၀ တင်ဆောင်လာသော ကုန်သင်္ဘောမှာ ရခိုင်သို့မရောက်မီ လမ်းခုလတ်တွင် စက်တင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။ 

By Admin 05 Sep 2024

စစ်ကောင်စီမှာယူမှုဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသည့် ကုန်ပစ္စည်းများ။ ဓာတ်ပုံ - မြန်မာ့အလင်း 
စစ်ကောင်စီမှာယူမှုဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသည့် ကုန်ပစ္စည်းများ။ ဓာတ်ပုံ - မြန်မာ့အလင်း 

DMG ၊ စက်တင်ဘာ ၅

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်သို့ အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်သင်္ဘောတစ်စီးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ 

အခြေခံစားသောက်ကုန် တန်ချိန် ၇၅၀ တင်ဆောင်လာသော ကုန်သင်္ဘောမှာ ရခိုင်သို့မရောက်မီ လမ်းခုလတ်တွင် စက်တင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။ 

“နေဗီက သိမ်းသွားတာ။ သိမ်းသွားတော့ ဆုံးရှုံးမှုက များတာပေါ့။ ဒီကုန်တွေ ကျောက်ဖြူကို မရောက်ရင် ဒေသခံတွေလည်း အရမ်းခက်ခဲသွားမယ်။ မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားတော့ ဒေသခံတွေ အခြေခံစားသောက်ကုန် ပြတ်လပ်နေကြတာ” ဟု ကျောက်ဖြူဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ 

၂၀၂၄ ခုနှစ် အစောပိုင်းက ရန်ကုန်ကနေ ရခိုင်သို့ စားသောက်ကုန်များ သယ်ဆောင်ရန် သင်္ဘောတစ်စီးကို ငွေကျပ် သိန်း ၇၀၀ ဖြင့် ငှားရမ်းနိုင်ခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် သိန်း ၁,၄၀၀ အထိပေးကာ ငှားရမ်းနေရကြောင်း ကုန်သည်များက ပြောကြသည်။ 

ကျောက်ဖြူအပါအဝင် ရခိုင်တပြည်လုံးကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီး ပိတ်ဆို့ဖြတ်တောက်ထား၍ ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်မှုဒဏ်ကို ဒေသခံများခံစားနေရပြီး ကုန်သည်များမှာလည်း အခက်အခဲမျိုးစုံဖြင့် တင်သွင်းနေမှုများ ရှိနေသည်။ 

ပြည်မဘက်မှ ကုန်ပစ္စည်းများကို ရရာနည်းလမ်းဖြင့် ရခိုင်ဒေသသို့ တင်ပို့ရောင်းချနေကြပြီး စစ်ကောင်စီထံ ဖမ်းဆီးခံရမှုများလည်း မကြာခဏ ရှိနေသည်။ 

“ကုန်သင်္ဘောက မနေ့က အဖမ်းခံရတာလား မသိဘူး။ အဲဒီသတင်းပြန့်သွားတော့ ဒီနေ့ကျောက်ဖြူမှာ တချို့ပစ္စည်းတွေကို ဈေးတင်ပြီးရောင်းနေကြတယ်။ ကုန်ပစ္စည်းတွေ အကြာကြီးပြတ်နေရင် လူတွေ အကုန်ငတ်ပြတ်ကြတော့မယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူနှင့် စစ်တွေမြို့တွင် လေကြောင်းဖြင့် လူသုံးကုန်ပစ္စည်း တင်သွင်းနေရသည်။ လေကြောင်းဖြင့် ကုန်ပစ္စည်း ၁ ကီလိုကို ငွေကျပ် ၁၀,၀၀၀ အထိ ပေးဆောင်ရ၍ ကုန်သည်များမှာ လေကြောင်းမှ ပစ္စည်းမှာယူရန် အခက်တွေ့နေကြရသည်။ 

“လေယာဉ်နဲ့လည်း ကီလိုခတွေ ဈေးကြီးတော့ ကုန်သည်တွေမှာ သင်္ဘောနဲ့ မှာယူကြတယ်။ သင်္ဘောက မကြာမကြာ အဖမ်းခံရတယ်။ တချို့ ပြန်လွတ်လာသလို တချို့က မလွတ်ဘူး။ ဒါပေမယ့် ကုန်ပစ္စည်းတွေ ပြတ်တော့ စွန့်စားပြီး လုပ်နေကြတာ” ဟု ကျောက်ဖြူမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ကျောက်ဖြူမြို့တွင်း၊ မြို့ပြင် ကုန်ပစ္စည်း သယ်ယူခွင့်ကို တားမြစ်ထားသည်။ တားမြစ်ချက်အား ချိုးဖောက်သည်ဟုဆိုကာ ကျောက်ဖြူမြို့နယ်မှ ဈေးသည် ၁၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၁၀ ဦးထက်မနည်းကို ထောင်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်ခဲ့သည်။