ဂွတွင် ရိက္ခာနှင့်ဆေးဝါး ပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံ

ဂွမြို့နယ်တွင် တိုက်ပွဲစတင်ချိန်မှစ၍ ဧရာဝတီဘက်မှ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာ ပြတ်လပ်လာခြင်းဖြစ်သည်။ 

By Admin 13 Sep 2024

ဂွမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ လူနာတစ်ဦးအား ဧရာဝတီတိုင်း၊ ဟင်္သတဆေးရုံသို့ ဩဂုတ်လ ၂၄ ရက်နေ့က ပို့ဆောင်စဉ်။ (ဓာတ်ပုံ - ထာဝရမေတ္တာနာရေးကူညီမှုအသင်း - ဂွမြို့) 
ဂွမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ လူနာတစ်ဦးအား ဧရာဝတီတိုင်း၊ ဟင်္သတဆေးရုံသို့ ဩဂုတ်လ ၂၄ ရက်နေ့က ပို့ဆောင်စဉ်။ (ဓာတ်ပုံ - ထာဝရမေတ္တာနာရေးကူညီမှုအသင်း - ဂွမြို့) 

DMG ၊ စက်တင်ဘာ ၁၃

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုကြောင့် ဒေသခံများမှာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ 

ဂွမြို့နယ်တွင် တိုက်ပွဲစတင်ချိန်မှစ၍ ဧရာဝတီဘက်မှ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်သဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာ ပြတ်လပ်လာခြင်းဖြစ်သည်။  

“ဈေးဆိုင်တွေလည်း စစ်ရှောင်ကုန်ကြလို့ ပိတ်ထားပြီ။ ဆန်၊ ဆီ၊ ဆားဝယ်ဖို့ တော်တော်ခက်ခဲတယ်။ ရှာလို့မရဘူး။ ဈေးတွေကလည်း ထိုးတက်နေတယ်။ အရင်ကဆို တောင်းစားတဲ့လူတွေကို ဂွမှာ မမြင်ဖူးဘူး။ အခု မြင်လာရတယ်” ဟု ဂွမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဂွဒေသခံများမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးမြေဧရိယာ နည်းပါးသဖြင့် ဆန်အပါအဝင် ကုန်စည်၊ ဟင်းသီးဟင်းရွက်ကအစ ဧရာဝတီတိုင်းဘက်ကို အားထားနေရသည်။ 

စစ်ကောင်စီကန့်သတ်ချက်ကြောင့် ငါးဖမ်းလုပ်ငန်းကိုလည်း ရပ်နားထားရသဖြင့် ဒေသခံများ၏ စားဝတ်နေရေးမှာ အကျပ်အတည်းများစွာ ဖြစ်ပေါ်နေသည်။ 

“ပင်လယ်ပေါက်တွေပိတ်၊ အလုပ်အကိုင်တွေမရှိတော့ ငွေရှားတယ်။ ငွေရှိပြန်တော့လည်း ဝယ်ဖို့ပစ္စည်းက မရှိဘူး။ တချို့ရောင်းတဲ့လူတွေကလည်း ပစ္စည်းတွေကို ဈေး ရှယ်တင်ပြီး ရောင်းနေတယ်” ဟု ဂွမြို့ခံ အမျိုးသမီး နောက်တစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်ကို AA က အလုံးစုံသိမ်းပိုက်ပြီးနောက် ဂွမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိသည်။

ဂွမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ ရပ်တန်နေပြီး ဆေးရုံ/ ဆေးခန်းများ လည်ပတ်မှုမရှိတော့ပေ။ ဆေးဝါးများလည်း ပြတ်လပ်နေသဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်လာပါက အသက်န္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

“ဆရာဝန်တွေ မရှိ၊ ဆေးခန်းတွေလည်း မရှိတော့ အခု ရမ်းကုဆေးဆရာတစ်ယောက်ဆီမှာ ကုသကြတယ်။ အခု အဲဒီဆေးဆရာမှာလည်း ဆေးပြတ်သွားပြီ။ ဆေးဆိုင်တွေလည်း တစ်ဆိုင်မှမရှိတော့ဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့တော့ တကယ့်စိုးရိမ်ရပါတယ်” ဟု ဂွမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ဂွတွင် ဩဂုတ် ၈ ရက် တိုက်ပွဲစတင်ချိန်မှစ၍ ဒေသခံသောင်းနှင့်ချီမှာ ပြည်မဘက်နှင့် အခြားနေရာအသီးသီးသို့ တိမ်းရှောင်နေကြပြီး မြို့ပေါ်နေလူဦးရေ သုံးပုံတစ်ပုံခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသေးသည်။