- ထိုင်းရောက် မြန်မာလုပ်သားများ အထောက်အထား သက်တမ်းတိုးရန် ခက်ခဲနေ
- တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
- စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
- တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ
- ဝါးတောင် စစ်ဘေးရှောင်များကို ယခုလကုန်အထိသာ စခန်းထဲ နေခွင့်ပြုတော့မည်
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
ခမရ (၅၆၃) တပ်ရင်းအနီးရှိ ဂွမြို့မရပ်ကွက် အလယ်ရွာ၊ ကမ်းခြေဦးကျေးရွာနှင့် အနီးတဝိုက်ကို ဒီဇင်ဘာ ၁၆ နံနက်ပိုင်းတွင် လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် မီးလောင်သွားခြင်း ဖြစ်သည်။
17 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၇
ရခိုင်ပြည်၊ ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA)က အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစစ်ဆင်နေချိန် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့တွင်းနေအိမ် အများအပြား မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ခမရ (၅၆၃) တပ်ရင်းအနီးရှိ ဂွမြို့မရပ်ကွက် အလယ်ရွာ၊ ကမ်းခြေဦးကျေးရွာနှင့် အနီးတဝိုက်ကို ဒီဇင်ဘာ ၁၆ နံနက်ပိုင်းတွင် လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် မီးလောင်သွားခြင်း ဖြစ်သည်။
“တိုက်ပွဲက ငါးရက်ဆက်တိုက် ပြင်းနေတာ။ မြို့မရပ်ကွက်က အလယ်ရွာ ဒေသအခေါ် တံငါရွာလည်း ဖြစ်သလို ကျူးကျော်လို့လည်း ပြောလို့ရတယ်။ တဲအိမ်လေးတွေ မီးလောင်ပျက်စီးသွားတယ်။ အိမ်အရေအတွက်ကိုတော့ အတည်ပြုလို့ မရနိုင်သေးဘူး” ဟု ယင်းအခြေနေသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
ဂွမြို့တွင် စစ်ကောင်စီ၏ ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းတို့ရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ ခမရ ၅၆၃ အတွင်း စုခံကာ AA ထိုးစစ်ကို ခုခံနေကြခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA) သည့် ဂွမြို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ထိုး စစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်ကလည်း ကြေး၊ရေ၊ လေ တို့ဖြင့် အပြင်းအထန် ခုခံနေသည်။
တိုက်ပွဲပြင်းထန်နေသည့်နှင့်အမျှ စစ်ကောင်စီသည် AA ထိုးစစ်ကိုခုခံရန် ဧရာဝတီဘက်မှ စစ်အင်အား၊ လက် နက်အင်အား ဆက်တိုက်ပို့ဆောင်နေသည်ဟုလည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“အင်အားက နေ့တိုင်းလိုလို ဖြည့်နေတာ။ အမ်းဘက်ကိုလည်းပို့တယ်။ ဂွဘက်ကိုလည်း ပို့တယ်။ ကြားထဲမှာ PDF တပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်တာကိုလည်း မကြာမကြာ ကြုံနေရပါတယ်” ဟု ပြောသည်။
မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ၍ ဂွမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့မှာ ဂွချောင်းတံတားကိုဖြတ်၍ ဧရာဝတီဘက်ခြမ်း မကျေးငူရွာဘက်သို့ ဆုတ်ခွာသွားသူများလည်း ရှိနေသည်။
ရခိုင်ဒေသအတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ကျန်နေသေးသည့် မြို့များကို သိမ်းပိုက်နိုင်ရေး မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၂ ခု၊ အမ်းမြို့တို့ကို AA က သိမ်းပိုက်ထားပြီး ဂွ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။