ကျောက်ဖြူခရိုင်တွင် သန်းခေါင်စာရင်း ကောက်ယူရန် နည်းပြသင်တန်းဖွင့်

စစ်ကောင်စီ၏ ခရိုင်ဖွဲ့စည်းပုံအသစ်အရ ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် ပါဝင်သည်။ လက်ရှိမှာ ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော် (AA)က စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

By Admin 06 Sep 2024

ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

DMG ၊ စက်တင်ဘာ ၆

ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး နည်းပြသင်တန်းကို ကျောက်ဖြူမြို့တွင် ၁၀ ရက်ကြာ ပို့ချပေးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အထူးနည်းပြနှင့် ခရိုင်နည်းပြသင်တန်းကို စက်တင်ဘာလ ၃ ရက်မှစ၍ ၁၀ ရက်တာ ပို့ချနေခြင်း ဖြစ်သည်။ 

ဗဟိုအဆင့်နည်းပြသင်တန်း၊ အထူးနည်းပြသင်တန်းနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း များကိုလည်း အချိန်နှင့်တပြေးညီ ပို့ချသွားမည်ဟု ကျောက်ဖြူခရိုင်စစ်ကောင်စီအဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး ဟံစိုးက ပြောကြားခဲ့သည်။  

စစ်ကောင်စီ၏ ခရိုင်ဖွဲ့စည်းပုံအသစ်အရ ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် ပါဝင်သည်။ လက်ရှိမှာ ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော် (AA)က စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

စစ်ကောင်စီသည် ၂၀၂၅ ရွေးကောက်ပွဲအတွက် လာမည့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့ထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်ဟု ကြေညာထားသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သန်းခေါင်စာရင်းကောက်ယူရာတွင် မှန်ကန်သည့်အချက်အလက်များ ပေးကြရန် တိုက်တွန်းထားသည်။ 

စစ်ကောင်စီသည် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းယူရန် စီစဉ်နေသော်လည်း အဆိုပါလုပ်ငန်းစဉ်များကို ၎င်းတို့ထိန်းချုပ်ဆဲဒေသ၌သာ ပြုလုပ်နိုင်မည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဒေသခံများမှာ နေရပ်စွန့်ခွာမှုများရှိနေ၍ စာရင်းအတိအကျရရန် ခက်ခဲကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်က “စစ်ကောင်စီက တိုင်းပြည်ကို ဆက်လက် အာဏာသိမ်းထားနိုင်မယ့် အခြေအနေတွေက တဖြည်းဖြည်းပြိုကျလာတော့ သူတို့အတွက် ရွေးကောက်ပွဲဖြစ်မြောက်ရေးက အဓိက ဖြစ်လာတယ်။ ရွေးကောက်ပွဲဖြစ်လာဖို့က ရာခိုင်နှုန်းနည်းပါတယ်။ လက်ရှိ သန်းခေါင်စာရင်း ကောက်မယ့်ဟာတောင် သူတို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်(AA)က ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေသော ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်၊ ဂွ မြို့ပေါ်ဒေသများကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်ဒေသများကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ထို့ကြောင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲမှာ ရခိုင်တွင် ဖြစ်နိုင်ခြေနည်းကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်ကြသည်။

ရခိုင်ဒေသတွင် ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသာ်အင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ကို စစ်ကောင်စီက ပါတီတည်ထောင်ခွင့် ပြုထားသည်။