- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
- မြန်မာဘက်သို့ ပေးနေသည့် လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်းအထိ ထိုင်းလျှော့ချမည်
ကျောက်ဖြူတွင် စစ်ကောင်စီ စစ်အင်အားတိုးချဲ့
ဒီဇင်ဘာ ၈ ရက်က စစ်သင်္ဘောတစ်စီးဖြင့် စစ်သား ၄၀၀ ခန့်ကို ခလရ(၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းတွင် အင်အားဖြည့်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
13 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက ယခုသီတင်းပတ်အတွင်း စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေကြောင်း DMG ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၈ ရက်က စစ်သင်္ဘောတစ်စီးဖြင့် စစ်သား ၄၀၀ ခန့်ကို ခလရ(၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းတွင် အင်အားဖြည့်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လက်နက်ခဲယမ်းတွေ၊ လူအင်အားတွေ သင်္ဘောနဲ့ရောက်လာတာ။ စစ်သား ၄၀၀ လောက်ပါသလို၊ ဘန်ကာလုပ်ဖို့အတွက် သဲအိတ်၊ ဘိလပ်မြေအိတ်တွေလည်း အများကြီးပါတယ်။ သူတို့က တဖြည်းဖြည်းနဲ့ ခံစစ်လုပ်နေပြီ” ဟု ၎င်းက ပြောသည်။
ခလရ (၅၄၂)၊ ခမရ (၅၄၃)နှင့် လေဆိပ်အနီး ခလရ (၃၄) တပ်ရင်း ခြံစည်းရိုးများကိုလည်း ဝါးချွန်များဖြင့် ထပ်ဆင့်ကာရံကာ မြို့တွင်းကင်းလှည့်ခြင်း၊ ညအချိန် ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းများကို ပို၍လုပ်ဆောင်နေကြောင်း သိရသည်။
“စစ်ဆေးမှုက အဝတ်အထည်ကအစ တစ်ခုချင်းစီ စစ်ဆေးတယ်။ ပါလာတဲ့ပစ္စည်းတွေ အားလုံးကိုစစ်တာ” ဟု ကျောက်ဖြူမြို့အဝင် ကျောက်တစ်လုံးဂိတ်တွင် ကိုယ်တိုင်ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုကြောင့် ကျောက်ဖြူမြို့ခံများမှာ ဘေးလွတ်ရာသို့ အဆင်ပြေသည့်နည်းဖြင့် တိမ်းရှောင်နေကြပြီဟုလည်း ဒေသခံများထံမှ သိရသည်။
“ဒေသခံတစ်ဝက်လောက်ကတော့ တိမ်းရှောင်သွားကြပြီ။ နောက်ပြီးတော့လည်း တဖြည်းဖြည်းနဲ့ တိမ်းရှောင်နေကြတာလည်း ရှိတာပေါ့” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။
တရုတ်စီမံကိန်းများ အဓိကတည်ရှိသည့် ကျောက်ဖြူမြို့ အနီးဝန်းကျင်ရှိ ရမ်းဗြဲ၊ စနဲ၊ မအီ စသည့်ဒေသများကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။
တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်မှ မြို့နယ် ၁၁ ခုနှင့် တောင်ကုတ်၊ အမ်း မြို့တို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။