- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သန်းခေါင်စာရင်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားပြီဟု စစ်ခေါင်းဆောင်ပြော
သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသေးသည့် နေရာများကို ယခုနှစ်ကုန်အတွင်း အပြီးသတ် ကောက်ယူသွားမည်ဟု နိုဝင်ဘာ ၁၉ ရက် နေပြည်တော်အစည်းအဝေး၌ စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
20 Nov 2024
DMG ၊ နိုဝင်ဘာ ၂၀
ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်မှုဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုင်ငံလူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသေးသည့် နေရာများကိုလည်း ယခုနှစ်ကုန်အတွင်း အပြီးသတ် ကောက်ယူသွားမည်ဟု နိုဝင်ဘာ ၁၉ ရက် နေပြည်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
“ကောက်ယူဖို့ကျန်ရှိနေတဲ့ နေရာတွေမှာ အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးအထိ ရရှိအောင် ဆက်လက် ကောက်ယူလျက်ရှိတယ်။ အခုနှစ်ကုန်ပိုင်းမှာ အပြီးသတ် ကောက်ယူနိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများမှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးထားပြီး ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန်အတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းအပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့်လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးသွားမည်ဟု ဆက်ပြောခဲ့သည်။
စာရေးဆရာ ဝေဟင်အောင်က “နိုင်ငံတကာကိုပြဖို့ သူ(စစ်ခေါင်းဆောင်)ကြိုးစားမယ်။ သူလုပ်တဲ့ ရွေးကောက်ပွဲကလည်း နိုင်ပြီးသား ရွေးကောက်ပွဲပဲ။ အဲဒါကို ပထမအနေနဲ့ နိုင်ငံတကာကို လိမ်ဖို့အတွက် စနစ်တကျ ပြင်ဆင်တာပဲဖြစ်တယ်။ ဘယ်လောက်တောင် သူပြင်ဆင်ထားကြောင်း ပြဖို့လိုတဲ့အတွက် အရင်ဆုံးသန်းခေါင်စာရင်းကောက်တယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှစ၍ လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှ လုပ်ဆောင်နေခြင်း ဖြစ်သည်။
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွမြို့ပေါ်၌သာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့သည်။ အာရက္ခတပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ် ၁၀ ခုနှင့် မောင်တောမြို့နယ်တွင် သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ပေ။
“စစ်ကောင်စီရဲ့ရွေးကောက်ပွဲက ရခိုင်ဒေသနဲ့ မသက်ဆိုင်တော့ဘူးလို့တောင် ပြောလို့ရနေပြီ။ ရခိုင်ဒေသကို ULA က ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူနဲ့ အုပ်ချုပ်နေတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က သွားနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ လုံးဝ အဆက်အစပ် မရှိတော့ဘူးလို့ ပြောနိုင်တယ်” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ရခိုင်ဒေသအပါအဝင် ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်း စသည့်ဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်စခန်းများအပါအဝင် မြို့ပေါင်း ၈၀ ကျော်ကို လက်လွှတ်ဆုံးရှုံးထားရသည်။
စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲကျင်းပသွားမည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင် နိုင်ငံတဝန်းတိုက်ပွဲများ နေ့စဉ်ပြင်းထန်နေ၍ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်မှာ မဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။