- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပြည် လူဦးရေ ၈၆ ရာခိုင်နှုန်းထိ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့
စစ်ကောင်စီ၏ ယမန်(ဒီဇင်ဘာ ၃၁)နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်အတွင်း လူဦးရေ စုစုပေါင်း ၂,၄၆၆,၃၈၅ ဦး (၂ ဒသမ ၄ သန်း ကျော်) ထဲတွင် ၂,၁၂၀,၉၅၄ မှာ (၂ ဒသမ ၁ သန်းကျော်) ကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
01 Jan 2025
DMG ၊ ဇန်နဝါရီ ၁
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ခဲ့သော်လည်း တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် လူဦးရေ ၈၆ ရာခိုင်နှုန်းထိ ကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။
စစ်ကောင်စီ၏ ယမန်(ဒီဇင်ဘာ ၃၁)နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်အတွင်း လူဦးရေ စုစုပေါင်း ၂,၄၆၆,၃၈၅ ဦး (၂ ဒသမ ၄ သန်း ကျော်) ထဲတွင် ၂,၁၂၀,၉၅၄ မှာ (၂ ဒသမ ၁ သန်းကျော်) ကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရခိုင်ပြည်တွင် သန်းခေါင်စာရင်းကောက်နိုင်ခဲ့သော လူဦးရေမှာ ၃၄၅,၄၃၁ ဦး(၃ သိန်းကျော်) သာရှိခဲ့ကြောင်း တွေ့မြင်ရသည်။
အဆိုပါ သန်းခေါင်စာရင်းများကိုလည်း စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ် တို့သာ ကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကောက်ယူထားသည့် သန်းခေါင်စာရင်းများကို ရွေးကောက်ပွဲ မဲစာရင်းအတွက် အသုံးပြုမည်ဟု လည်း စစ်ကောင်စီက ဆိုထားသည်။
သို့သော်လည်း လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေး သမား ဦးဖေသန်းက သုံးသပ်သည်။
“ရခိုင်ပြည်မှာ ULA အနေနဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီ စနစ်နဲ့ သွားမှာဖြစ်တဲ့အတွက် စစ်ကော်စီရွေး ကောက်ပွဲ ဖြစ်လာနိုင်စရာအကြောင်းမရှိပါ။ ရခိုင်မှာ ပါတီစုံ ရွေးကောက်ပွဲဆိုတာဟာလည်း အချင်းချင်း စိတ် ဝမ်းကွဲမှုတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ စစ်ကောင်စီ ရွေးကောက်ပွဲကို ULA က ခွင့်မပြုနိုင်ဘူးလို့ ယူဆတယ်။ ဒီအချိန်မှာ ရခိုင်ပြည်သူတွေ စည်းရုံးမှု ပြိုကွဲလို့မရဘူး။ ULA ရဲ့ အုပ်ချုပ်မှု အောက်မှာ လိုက်ပါနိုင်မှ အာမခံချက်ရှိတဲ့ အခွင့်အရေးတွေ ရနိုင်မှာပါ” ဟု ဦးဖေသန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက် သန်းခေါင်စာရင်းတွင်လည်း ရခိုင်၊ ကရင်နှင့် ကချင်ပြည်နယ်တို့တွင်လည်း အပြည့်အဝ မကောက်နိုင်ခဲ့သဖြင့် လူဦးရေ ၁ ဒသမ ၂ သန်း နီးပါးချန်လှပ်ခဲ့ ရသည်။
နိုင်ငံတဝန်းမြို့နယ် ၃၃၀ ထဲတွင် စစ်ကောင်စီသည် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့သည့် မြို့နယ် ၁၄၅ ခု သာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄၄ ရာခိုင်နှုန်းသာရှိခဲ့၍ ခန့်မှန်း လူဦးရေ ၁၉ သန်းကျော်ကို ကောက်ယူနိုင်ခြင်း မရှိကြောင်း စစ်ကောင်စီ စာရင်းအရသိရသည်။
“စစ်ကောင်စီကတော့ သန်းခေါင်စာရင်း မှန်တာ၊ မမှန်တာထက် ကောက်ထားတယ်ဆိုတဲ့ အချက်တစ် ချက်ကိုပဲ ပြချင်တာပါ။ ဒါမှ ရွေးကောက်ပွဲလုပ်လို့ရမှာလေ။ ဒါပေမဲ့ သူတို့ ရွေးကောက်ပွဲက ဒီနှစ်ကုန်ပိုင်း ဆိုတော့ အဲဒီအချိန်မရောက်ခင်ထိ တင်းခံထားမှာပဲ။ တော်လှန်ရေးအင်အားစုဘက်ကလည်း ဒီနှစ်ထဲ တိုက်ပွဲတွေ ကြီးကြီးမားမားဖော်လာနိုင်တာကြောင့် စစ်ကောင်စီ ထိန်းချုပ်နယ်မြေပို ကျဉ်းသွားလိမ့်မယ် ” ဟု ထိုင်းနိုင်ငံတွင် နိုင်ငံရေးဘာသာရပ်အား လေ့လာနေသူ မြန်မာလူငယ်တစ်ဦးက သုံးသပ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံတဝန်းလုံးတွင် ချင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ကချင်၊ ရှမ်း၊ မကွေး၊ ကရင်၊ တနင်္သာရီ၊ မန္တလေး၊ မွန်နှင့် ပဲခူးတိုင်း တို့တွင် ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ထိုသို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ခြင်းနှင့်အတူ နိုင်ငံတဝန်းတွင် စစ်ရေး ရှုံးနိမ့်ပြီး လက်လွှတ်နယ်မြေ များပြားလာနေသော်လည်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပမည်ဟု ၂၀၂၅ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒဿမ ၃ သန်းသာရှိကြောင်း ဖော်ပြသည်။