- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
ဧရာဝတီတွင် ၁၁ မျဉ်းစောင်း ကိုင်ဆောင်သူများကို ဖမ်းဆီးစစ်ဆေးမှု များပြားလာ
ယခုရက်ပိုင်းတွင်း ကျုံပျော်နှင့် ရေကြည်မြို့နယ်တွင် ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်လူငယ်၊ လူလတ်ပိုင်း ၅၀ ထက်မနည်းအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
21 Jan 2025

DMG ၊ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းတွင် စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကဒ်ပြား ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်ဒေသခံများကို ပို၍တင်းကျပ်စွာစစ်ဆေးမှုအပြင် ဖမ်းဆီးမှုများလာနေကြောင်း သိရသည်။
ယခုရက်ပိုင်းတွင်း ကျုံပျော်နှင့် ရေကြည်မြို့နယ်တွင် ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်လူငယ်၊ လူလတ်ပိုင်း ၅၀ ထက်မနည်းအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
“အရင်ကထက် အခုရက်ပိုင်းမှာ ဖမ်းဆီးစစ်ဆေးတာ ပိုများလာတယ်။ ငွေပေးပြီး ပြန်လွတ်လာတာလည်း ရှိတယ်။ တချို့ကျတော့ လက်ရှိအချိန်အထိ ထိန်းသိမ်းပြီး စစ်နေတာရှိတယ်လို့ သိရတယ်။ ဘယ်နေရာတွေမှာ ထိန်းသိမ်းထားလဲတော့ မသိရဘူး” ဟု ကျုံပျော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးစစ်ဆေးခံနေရသည့် ရခိုင်ဒေသခံများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် DMG မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ရခိုင်လူငယ်များသည် အာရက္ခတပ်တော် (AA) ကို ကူညီထောက်ပံ့သည့် သံသယအပြင် တပ်ဖွဲ့ဝင်သံသယတို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများအား နေအိမ်သို့ ဝင်ရောက်စစ်ဆေးခြင်းအပါအဝင် ရန်ကုန် - ပုသိမ် ကားလမ်းရှိ ဂိတ်များတွင်လည်း စစ်ဆေးရေးတင်းကျပ်ခြင်းများကို လုပ်ဆောင်နေသည်။
“မှတ်ပုံတင် စစ်ရင် ၁၁ မျဉ်းစောင်းဆိုရင် ပုံမှန်ထက်ပိုပြီး တင်းကျပ်တာမျိုးပေါ့။ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်အချိန်ပြန်လာမယ်ဆိုတာကအစ မေးတယ်။ အကြောင်းပြချက်မရှိ တခါတလေ အိမ်တွေဝင်ပြီး စစ်ဆေးတာလည်း ရှိတယ်” ဟု ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများကြောင့် တောင်ကုတ်၊ ဂွ၊ သံတွဲ စသည့် မြို့နယ်များမှ ဒေသခံသောင်းနှင့်ချီမှာ ဧရာဝတီတိုင်းဒေသသို့ စစ်ဘေးတိမ်းရှောင်နေကြသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများကြောင့် ရခိုင်စစ်ဘေးရှောင်များမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘဲ ဖြတ်သန်းနေရကြောင်း ပြောဆိုကြသည်။
နောက်ထပ် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ရခိုင်ဆိုတာနဲ့ လာဖမ်းတော့မလား ကြောက်နေရတယ်။ အိမ်ပြန်ဖို့ကလည်း အဆင်မပြေသေးဘူး။ ရှေ့ကို ဆက်သွားဖို့ကလည်း အဆင်မပြေဖြစ်နေတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးမှုများကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ရန်ကုန်အပါအဝင် အခြားဒေသများသို့ ထပ်မံသွားရောက်မှုများ ရှိနေကြကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ ရေကြည်၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ချောင်းသာ၊ သာပေါင်း စသည့်မြို့နယ်များတွင် သိန်းနှင့်ချီသည့် ရခိုင်ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး ၎င်းတို့မှာ ဖမ်းဆီးခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အကူညီမရရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းစသည့် အဆင်မပြေမှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။