- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
စစ်ရေးကြောင့် ရခိုင် ဆားလုပ်ငန်း လျော့ကျသွား
ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့်အတူ စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးသွား၍ ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားခြင်း ဖြစ်သည်။
10 Mar 2025

DMG ၊ မတ် ၁၀
ယခုနှစ် ဆားလုပ်ငန်းစတင်သည့် အချိန်ရောက်ရှိနေပြီဖြစ်သော်လည်း စစ်ရေးကြောင့် ရခိုင်ပြည်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူနည်းသဖြင့် ဆားလုပ်ကွက် ဧကမှာလည်း သိသိသာသာလျော့နည်းသွားသည်ဟု ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့်အတူ စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးသွား၍ ဆားလုပ်ငန်းလုပ်ကိုင်သူ နည်းပါးသွားခြင်း ဖြစ်သည်။
ရခိုင်က ဆားလုပ်ငန်းကို အများအပြားလုပ်ကိုင်ကြသည့် ကျောက်ဖြူမြို့နယ်တွင် ယခုနှစ် ဆားလုပ်ငန်းလုပ်ကိုင်သူ ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။
"ကျနော်တို့ ကျောက်ဖြူဖက်မှာ ဆားလုပ်တဲ့သူ တအား နည်းသွားတယ်။ အခု တိုက်ပွဲတွေကြောင့် လမ်းကြောင်းလည်း အဆင်မပြေတော့ လုပ်ထားတဲ့ ဆားတွေလည်း ဈေးမရပါဘူး။ အရှုံးပေါ်တယ်" ဟု ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်က ရခိုင်တွင် ဆားလုပ်ကွက်ဧက သုံးထောင်ကျော်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ထက်ဝက်ကျော် လျော့ကျသွားသည်ဟု ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
ယခုနှစ် ရခိုင်ဒေသအတွင်း ဆားဈေးကောင်း ရရှိနေပြီး ယခင်က လေးထောင်းဆံ့ ဆားတစ်အိတ်လျှင် ငွေကျပ် ၆,၀၀၀ မှ ၈,၀၀၀ အထိရှိခဲ့သော်လည်း လက်ရှိတွင် လေးတောင်းဆံ့ ဆားတစ်အိတ်လျှင် ငွေကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရရှိနေသည်။
သို့သော်လည်း ယခုနှစ် ဆားလုပ်ငန်းလုပ်ကိုင်ကြသူများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မျှော်မှန်ထားသလောက် ဆားဈေးကွက် မဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။
"ကျနော်တို့ဘက်မှာတော့ ဆားလုပ်ငန်းတွေကို လုပ်ကိုင်နေကြပါပြီ။ ဆားလုပ်ငန်းလုပ်တဲ့သူတွေကတော့ တစ်ဝက်လောက်ကို လျော့ကျသွားပါတယ်။ ဈေးကွက်က မှုမမှန်တော့ ဘယ်လိုဖြစ်လာမယ်မှန်း မသိဘူး။ ဆားလုပ်ငန်း လုပ်ကိုင်သူတွေအားလုံးကတော့ ဆက်ပြီး ဈေးကောင်းရဖို့ မျှော်လင့်ကြပါတယ်" ဟု ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်တွင် ဆားလုပ်ကွက် ဧကပေါင်း ၇ ထောင်ခန့်ရှိပြီး ကျောက်ဖြူမြို့နယ်တွင် အများဆုံးဖြစ်ကာ သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော စသည့်မြို့နယ်များတွင် အနည်းငယ် လုပ်ကိုင်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကလည်း စစ်ရေးပဋိပက္ခကြောင့် လမ်းခရီးပိတ်ဆို့ခံရမှုနှင့်အတူ အကြောင်းအမျိုးမျိုးတို့ကြောင့် ရခိုင်ဒေသက ဆားလုပ်ငန်းရှင်များမှာ တွက်ခြေမကိုက်ဘဲ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
"အခုကျနော်တို့ ရောင်းနေတဲ့ဆားကတော့ ကျောက်ဖြူဘက်က ယူတာ။ ဒီဆားတွေက မနှစ်ကျန်တဲ့ ဆားတွေ။ ဒီနှစ် ဆားကတော့ ဈေးကောင်းတယ်လို့ ပြောရမယ်။ ဒါပေမဲ့ လမ်းခရီးပိတ်ထားတော့ ဆားဈေးကွက် အခြေအနေ ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောဖို့ ခက်နေသေးတယ်" ဟု ရခိုင်က ဆားအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ရခိုင်တစ်ပြည်လုံးမှာ ၂၀၀၀ ပြည့်နှစ် မတိုင်မီက ဆားလုပ်ကွက် ဧကပေါင်း တစ်သောင်းကျော် ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရပ်တန့်ခဲ့ပြီးနောက် ဆားလုပ်ငန်းလုပ်ကိုင်သူနည်းပါးသွားသဖြင့် ဆားလုပ်ငန်းမှာ တဖြည်းဖြည်းလျော့ကျခဲ့သည်။
ရခိုင်တွင် အရည်အသွေးပြည့်မီသည့် ဆားထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်စသည့် လိုအပ်ချက်များစွာရှိနေသေးပြီး ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာရေးမှာ စိန်ခေါ်မှုများ ရှိနေသေးသည်။