လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရခိုင်ဆားလုပ်ငန်း အရှုံးပေါ်

ရခိုင်ဒေသတွင် တိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှုနှင့်အတူ မြို့နယ်ချင်းဆက် ကုန်လမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် ရခိုင်ပြည်နေရာအနှံ့ကို ဆားမပို့နိုင်သောကြောင့် အရှုံးပေါ်နေရခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

By Admin 21 Sep 2024

ကျောက်ဖြူမြို့နယ်ရှိ ပလက်စတစ်အသုံးပြု ဆားကွင်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ဦးထွန်းကြွယ် 
ကျောက်ဖြူမြို့နယ်ရှိ ပလက်စတစ်အသုံးပြု ဆားကွင်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ဦးထွန်းကြွယ် 

DMG ၊ စက်တင်ဘာ ၂၁

စစ်ရေးပဋိပက္ခကြောင့် လမ်းခရီးပိတ်ဆို့ခံရမှုနှင့်အတူ အကြောင်းအမျိုးမျိုးတို့ကြောင့် ရခိုင်ဒေသက ဆားလုပ်ငန်းရှင်များမှာ တွက်ခြေမကိုက်ဘဲ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

ရခိုင်ဒေသတွင် တိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှုနှင့်အတူ မြို့နယ်ချင်းဆက် ကုန်လမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားသည့်အတွက် ရခိုင်ပြည်နေရာအနှံ့ကို ဆားမပို့နိုင်သောကြောင့် အရှုံးပေါ်နေရခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

ကျောက်ဖြူမြို့နယ် ဆားလုပ်ငန်းရှင်များအသင်းဝင် ဦးဖြူဒေါင်းကြီး  “မနှစ်ကထွက်တဲ့ ဆားတွေကို တိုက်ပွဲကြောင့် မြို့နယ်တွေကို မပို့နိုင်ခဲ့တဲ့အတွက် ဆားတွေတင်ကျန်နေသေးတော့ ဆားလုပ်ငန်းရှင်တွေ အရှုံးပေါ်တယ်။ ကျနော်တို့ စစ်တွေနဲ့ မောင်တောမြို့နယ်ကို ဆား လုံးဝမပို့နိုင်ခဲ့ဘူး” ဟု ပြောသည်။

ယခင်နှစ်များက ကျောက်ဖြူမြို့နယ်မှ ဆားများကို အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့်အတူ လမ်းခရီးအဆင်မပြေမှုများကြောင့် ယမန်နှစ်က ဆားများမှာ လုပ်ငန်းရှင်များနှင့် ဆားတောင်သူတို့ လက်ထဲတွင် တင်ကျန်နေကြောင်း ပြောကြသည်။ 

“ဆားတွေက သောင်တင်ကျန်ခဲ့ပြီးတော့ ရင်းနှီးထားတဲ့ငွေတွေကိုတောင် ပြန်မရဘူးဖြစ်နေတယ်။ လုပ်ငန်းက အရှုံးပေါ်တော့ ဒီနှစ်ဆားလုပ်ဖို့ဆိုတာက အခုကုန်ဈေးနှုန်းနဲ့ဆိုတော့ မဖြစ်နိုင်သေးဘူး။ နောက်ပြီးတော့ ကျောက်ဖြူမြို့ကို အဝင်/အထွက် ပိတ်ထားတဲ့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်မရဘူး။ စက်သုံးဆီ ဈေးနှုန်းတွေကလည်း တအားတက်တော့ ဆားလုပ်ငန်းရှင်တွေက ပိုပြီး အခက်အခဲတွေရှိသွားတာပေါ့” ဟု ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာမှ ဆားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်မှ ထွက်ရှိသည့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စစ်ကောင်စီတို့ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကုန်သည်များအကြား သဘောတူထားခဲ့ကြသည်။

ထိုကြောင့် ရခိုင်က မြို့နယ်အသီးသီးတွင် ဆားထုတ်လုပ်ငန်းတိုးချဲ့မှုအပြင် ဆားလုပ်ငန်းလုပ်ကိုင်သူလည်း တိုးလာခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ဆားတင်ပို့မည့် အစီအစဉ် မဖြစ်လာသဖြင့် ဆားများတင်ကျန်နေခဲ့ပြီး အရှုံးပေါ်နေသူများလည်း ရှိသည်။

ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာမှ ဆားတောင်သူတစ်ဦးက “ဘင်္ဂလာနဲ့ ဆားကုန်သွယ်ခွင့်ရမယ်ဆိုပြီး တော့ ဆားလုပ်သူတွေ များလာတယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေမှာလည်း လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်တာရှိတယ်။ ဒါပေမယ့် ကုန်သွယ်မှုက မဖြစ်ခဲ့တော့ ဆားတွေ ကျန်ခဲ့တဲ့အတွက် အရှုံးပေါ်တာပေါ့ ” ဟု ပြောသည်။

ရခိုင်တွင် ဆားလုပ်ကွက် ဧကပေါင်း ၇ ထောင်ခန့်ရှိပြီး ကျောက်ဖြူမြို့နယ်တွင် အများဆုံးဖြစ်ကာ သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် အနည်းငယ် လုပ်ကိုင်ကြကြောင်း သိရသည်။