ရခိုင်က တက္ကသိုလ်ကျောင်းသားများ ပြည်မ တက္ကသိုလ်များသို့ ပြောင်းရွှေ့ပညာသင်

ကျောင်းဖွင့်ရာသီဖြစ်သော်လည်း တက္ကသိုလ်များတည်ရှိရာ စစ်တွေနှင့် တောင်ကုတ်တွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေ၍ ရန်ကုန် ဒဂုံတက္ကသိုလ်နှင့် ပဲခူးတိုင်း ပြည်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်နေကြသည်။

By Admin 24 Aug 2024

စစ်တွေတက္ကသိုလ်က အဝေးသင်ကျောင်းသား/သူများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – CJ)
စစ်တွေတက္ကသိုလ်က အဝေးသင်ကျောင်းသား/သူများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – CJ)

DMG ၊ ဩဂုတ် ၂၄

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် စစ်တွေနှင့် တောင်ကုတ်တက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများမှာ ပြည်မတက္ကသိုလ်များကို ပြောင်းရွှေ့ပြီး ပညာသင်ကြားနေကြောင်း တက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။ 

ကျောင်းဖွင့်ရာသီဖြစ်သော်လည်း တက္ကသိုလ်များတည်ရှိရာ စစ်တွေနှင့် တောင်ကုတ်တွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေ၍ ရန်ကုန် ဒဂုံတက္ကသိုလ်နှင့် ပဲခူးတိုင်း ပြည်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်နေကြသည်။

စစ်တွေတက္ကသိုလ်တာဝန်ရှိသူတစ်ဦးက“ပြောင်းရွှေ့သွားသူတွေထဲမှာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေ ပိုများတယ်။ Day ကျောင်းသားတွေလည်းပါတယ်။ အဝေးသင်ကျောင်းသားတွေလည်း ပါတယ်။ စုစုပေါင်း ပြောင်းရွှေ့သွားတာက အယောက် ၄၀၀ လောက်ရှိတယ် ” ဟု ပြောသည်။

စစ်တွေမြို့ကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီကလည်း စစ်အင်အားတိုးချဲ့ကာ ခံစစ်ပြင်ထားသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် ဒဂုံတက္ကသိုလ်သို့ ပြောင်းရွှေ့လိုက်ရခြင်းဟု သတ္တဗေဒမေဂျာ နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးက‌ ပြောသည်။ 

“တချို့ကတော့ မိသားစုလိုက်ပြောင်းလာတဲ့အတွက် ကျောင်းပြောင်းလိုက်ရတာရှိတယ်။ တချို့ဆိုရင် နောက်ဆုံးနှစ်ဖြစ်တဲ့အတွက် ပညာရေးဆုံးရှုံးမှာကိုကြောက်လို့ ကျောင်းပြောင်းလာတဲ့သူတွေလည်းရှိတယ်။ အားလုံးကတော့ ကိုယ့်အိမ်မှာနေပြီးတော့ ကိုယ်မြို့မှာ ကျောင်းတက်ချင်တာပေါ့။ ဒါပေမယ့် တိုက်ပွဲက ဘယ်အချိန်ဖြစ်လာမယ် မသိဘူးလေ။ ဒါကြောင့် ကျောင်းပြောင်းလိုက်တာပါ” ဟု သူက ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားအချို့ရှိခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေ၍ တောင်ကုတ်တက္ကသိုလ်မှ ကျောင်းသား/သူများမှာလည်း ဒဂုံတက္ကသိုလ် နှင့် ပြည်တက္ကသိုလ်ကို ပြောင်းရွှေ့မှုများရှိသည်။

ပြည်တက္ကသိုလ်သို့ ပြောင်းရွှေ့သွားသည့် ရူပဗေဒမေဂျာ ဒုတိယနှစ်ကျောင်းသူတစ်ဦးက “ကျမတို့ တောင်ကုတ်ဘက်ကလူတွေက ဒဂုံတက္ကသိုလ်ကို ပြောင်းသွားတာ ပိုများပါတယ်။ အဓိက မြို့ပေါ်မှာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့အတွက် ပြောင်းကြတာပါ” ဟု ပြောသည်။

တောင်ကုတ်တက္ကသိုလ်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်နေပြီး မြို့ပေါ်နေရာအနှံ့တွင် နေရာယူထားသည်ဟု သိရသည်။

သို့သော်လည်း ငွေကြေးအခက်အခဲကြောင့် ကျောင်းမပြောင်းနိုင်ဘဲ ဆက်တက်နေသူများလည်း ရှိနေသည်။ 

စစ်တွေမြို့ခံ ဓာတုဗေဒမေဂျာ ဒုတိယနှစ် ကျောင်းသားတစ်ဦးက “စစ်တွေမှာက ကိုယ်အိမ်ကနေပြီး ကျောင်းတက်နေရတာဆိုတော့ ငွေကြေးသိပ်မကုန်ဘူး။ ငွေကြေးမတတ်နိုင်တဲ့အတွက် ဒီမှာပဲ ဆက်တက်နေရတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်လို့ ဘယ်နေ့ကျောင်းပိတ်သွားမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များနှင့် AA ထိန်းချုပ်ဒေသမှ ကျောင်းသားများမှာ စစ်ဘေးရှောင်နေရမှု၊ ငွေကြေးအခက်အခဲများနှင့် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် တက္ကသိုလ်တက်ရန် သွားလာရခက်ခဲသဖြင့် ကျောင်းရပ်နားထားသူ အများအပြားရှိနေသည်။