- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် လူဦးရေထက်ဝက်နီးပါး နာမကျန်းဖြစ်နေ
လက်ရှိမှာ စခန်းအနီးရှိချောင်းရေကို အသုံးပြုနေကြရပြီး ရေမသန့်ရှင်းသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျှော့၊ ချောင်းဆို၊ ဖျားနာနှင့် အရေပြားရောဂါ တို့ဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။
24 Feb 2023
DMG ၊ ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် စခန်းတွင်းလူဦးရေထက်ဝက်နီးပါးမှာ နာမကျန်းရောဂါဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များမှာ မိုးရာသီနှင့် ဆောင်းရာသီ ကာလများတွင် သောက်သုံးရေအတွက် မြတ်လှဲကျေးရွာရှိ ရေကန်ကို အသုံးပြုကြသော်လည်း လက်ရှိတွင် ထိုရေကန်၌ ရေခမ်းခြောက်လာပြီဖြစ်၍ ကျေးရွာသားများက အသုံးခွင့်မပြုတော့ကြောင်း ဆိုသည်။
ထိုကြောင့် လက်ရှိမှာ စခန်းအနီးရှိချောင်းရေကို အသုံးပြုနေကြရပြီး ရေမသန့်ရှင်းသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျှော့၊ ချောင်းဆို၊ ဖျားနာနှင့် အရေပြားရောဂါ တို့ဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။
“ချောင်းမှာက အညစ်အကြေး အမှိုက်တွေကို အကုန်လုံးကို ပစ်ကြတယ်။ အဲဒီရေကို ကျမတို့ အသုံးပြုကြတဲ့အခါ ယားနာတွေ၊ အနီရောင်အစက်တွေ ခန္ဓာကိုယ်တွေမှာ ပေါ်လာတယ်။ ဝမ်းရောဂါတွေ ဖြစ်ကြသလို၊ ချောင်းဆိုးတာ၊ ဖျားနာတာတွေလည်း ဖြစ်နေကြပါတယ်” ဟု စစ်ဘေးရှောင် ဒေါ်ခိုင်သန်းအေးက ပြောသည်။
အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၆၀၀ ကျော်ရှိသည်။ ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့နယ်မှ သိမ်းချောင်း၊ ခမောင်း၊ ကင်ပိ၊ တဲဝ စသည့် ကျေးရွာပေါင်း ၁၀ ကျော်ကဒေသခံများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်စ၍ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကာ လက်ရှိတွင် ၄ နှစ်နီးပါးကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။
သောက်သုံးရေမသန့်ရှင်းမှုကြောင့် အသက် ၈ နှစ်အောက်ကလေးနှင့် သက်ကြီးပိုင်းအရွယ်တို့မှာ နာမကျန်းဖြစ်နေကြပြီး ကလေးငယ်များမှာ ဝမ်းရောဂါနှင့် အရေပြားရောဂါ အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။
“ဝမ်းရောဂါဖြစ်တဲ့အတွက် ဆေးရုံသွားပြရတဲ့သူ သုံးလေးယောက်ရှိပါတယ်။ အဓိကတော့ ချောင်းရေကို အသုံးပြုလို့ဖြစ်တာ။ ပြီးရင် သောက်သုံးရေကိုလည်း ကြိုချက်ပြီး မသောက်သုံးတာကြောင့်လည်းပါတယ်” ဟု စစ်ရှောင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက ပြောသည်။
စစ်ဘေးရှောင်များမှာ ချောင်းရေကို သုံးရေအဖြစ် အသုံးပြုကြပြီး သောက်ရေအတွက် စခန်းမှ မိနစ် ၃၀ ခန့်သွားရသည့် ကဏန်းတောင်ဘူတာရုံအနီးရေကန်မှ ခပ်ယူသုံးစွဲနေကြရသည်။ ထိုရေကန်မှာလည်း ရေခမ်းခြောက်နေပြီဖြစ်သဖြင့် လာမည့် မတ်လအထိသာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
“ကန်ရေသုံးရတာက ပိုကောင်းတာပေါ့။ အခုက မတတ်သာလို့သာ ချောင်းရေသုံးနေရတာ။ ရေဖူဖူလုံလုံလေးရချင်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့လည်း ကျမတို့ကိုကူညီပေးစေချင်ပါတယ်။ ကလေးတွေဆိုရင် ယားနာတွေ အများကြီး ပေါက်နေကြပါတယ်” စစ်ဘေးရှောင် ဒေါ်မလှက ပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်နေကြသူများမှာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း နေရပ်မပြန်နိုင်သေးဘဲ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခက်အခဲများအပြင် နွေရာသီရောက်လျှင် ရေရှားပါးမှုပြဿနာကိုပါ ရင်ဆိုင်နေကြရသည်။
#R010