- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
သဲခုံကျေးရွာတွင် ဆားငံရေကို သောက်သုံးနေရတဲ့အတွက် ဒေသခံတချို့ ဝမ်းရောဂါဖြစ်ပွားနေ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းတွင်တည်ရှိသည့် သဲခုံကျေးရွာက ရွာသားများသည် ဆားငံရေကို သောက်သုံးနေရတဲ့အတွက် ရွာသား ၃၀ ခန့်သည် ဝမ်းရောဂါဖြစ်ပွားနေကြကြောင်း ဒေသခံများထံမှ သိရသည်။
17 Dec 2022
DMG | ဒီဇင်ဘာ ၁၇
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းတွင်တည်ရှိသည့် သဲခုံကျေးရွာက ရွာသားများသည် ဆားငံရေကို သောက်သုံးနေရတဲ့အတွက် ရွာသား ၃၀ ခန့်သည် ဝမ်းရောဂါဖြစ်ပွားနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် သဲခုံကျေးရွာကို ပင်လယ်ရေများ ဝင်သွားသည့်အချိန်မှစ၍ ဆားငံရေကို သောက်သုံးနေရခြင်းသည် ယခုအချိန်ထိဖြစ်သည်ဟု ကျေးရွာသားများက ပြောဆိုကြသည်။
“မုန်တိုင်းဒဏ်ကြောင့်ဖြစ်တာ။ မုန်တိုင်းတိုက်ကတည်းက အဲလိုဖြစ်သွားတာ။ တစ်ရွာလုံးကိုရေငံဝင်သွားတာ။ ထမင်းတွေဘာတွေချက်ရင်လည်း အဲလိုရေငံနဲ့ပဲ ချက်ရတာပဲ။ အဝတ်အကောင်းတွေကိုလျှော်ရင်လည်း တစ်ပတ်လောက်ဆိုရင် အဲဒီအဝတ်တွေက မရတော့ဘူး။ ပင်လယ်ရေကို သုံးနေရသလိုမျိုးထိပဲ။ ရေကိုကြိုချက်ပြီး သုံးမယ်ဆိုလည်း အဲဒီအတိုင်းပဲ။ ရေနွေးသောက်ရင်လည်း အဲဒီအတိုင်းပဲ။ရေက ဘယ်လိုမှ အဆင်မပြေဘူး” ဟု ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနေ ဒေါ်မမြင့်ဇံက ပြောသည်။
ဘင်္ဂလားပင်လယ်အော်အတွင်းတွင် တည်ရှိသည့် သဲခုံကျေးရွာသည် မုန်တိုင်းဒဏ်များကြောင့် ကမ်းပါးပြိုကျခြင်း၊ နေအိမ်ပျက်စီးခြင်းများကို နှစ်စဉ်နှစ်တိုင်း တွေ့ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် အောက်တိုဘာလအတွင်းက တိုက်ခတ်ခဲ့သည့် မုန်းတိုင်းဒဏ်ကြောင့်လည်း ကျေးရွာအတွင်းတွင် ပင်လယ်ရေ ၃ ပေကျော်အထိ မြင့်တက်ခဲ့သည့်အတွက် နေအိမ် ၆၀ ခန့် ပျက်စီးသွားခဲ့ကြောင်း ရွာသားများက ပြောဆိုထားကြသည်။
ယင်းနောက်ပိုင်း ကျေးရွာအတွင်းတွင် ပုံမှန်သုံးစွဲနေကြသည့် ရေတွင်းထဲမှ ရေများသည်လည်း ဆားငံရေတွေ ထွက်ရှိလာသကဲ့သို့ ရေတွင်းအသစ်ထပ်မံတူးဖော်လျင်လည်း ဆားငံရေများသာ ထွက်နေသည့်အတွက် သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယင်းကြောင့် ကျေးရွာသူ/သားအချို့သည် ရေသန့်ဗူးများကို စစ်တွေမြို့ကတဆင့် စက်လှေများနှင့် သယ်ဆောင်ဝယ်ယူကာ ဝယ်ယူသောက်သုံးနေကြရသော်လည်း ငွေကြေးမတတ်နိုင်သည့် ကျေးရွာသားအများစုမှာ ဆားငံရေကိုသာ အဓိကသောက်သုံးနေကြရတယ်လို့ ရွာသားတွေကဆိုပါတယ်။
ယခုကဲ့သို့ ဆားငံရေများကို သောက်သုံးနေရသည့်အတွက် ရွာသားတချို့သည် ဝမ်းရောဂါဖြစ်ပွားမှုများ ရှိလာသည်ဟု ကျေးရွာသားများက ပြောဆိုထားသည်။
“ကျွန်တော်တို့ ဆားငံရေကို အသုံးပြုနေရလို့ဖြစ်တာ။ ကျွန်တော့်အစ်ကို ဝမ်းရောဂါဖြစ်တာ နှစ်ရက်လောက်ရှိပြီ။ တချို့ကလည်း စစ်တွေက ရေသန့်ဗူးမှာသုံးကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ မရှိဆင်းရဲသားတွေကကျတော့ တကူးတက စစ်တွေက မမှာနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီက ရေတွင်းကပဲ သုံးရတာပါ”ဟု လက်ရှိဝမ်းရောဂါဖြစ်ပွားနေသည့် ပေါက်တောမြို့နယ် သဲခုံကျေးရွာမှ ဦးထွန်းအောင်ကျော်၏ ညီဖြစ်သူ ကိုကျော်သန်းက DMG ကို ပြောသည်။
ယင်းအပြင် နွေရာသီ ရေရှားပါးမှုပြဿနာကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ကြရသည့် အနီးအနားက ကျေးရွာများကလည်း ရေလာခပ်ခွင့်ကို ပိတ်ပင်ထားတဲ့အတွက် သဲခုံကျေးရွာသားများသည် သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေကြရခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သောက်သုံးရေအခက်ခဲဖြစ်နေခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပတ်သက်၍ တစ်စုံတစ်ရာကူညီဖြေရှင်း ပေးစေလိုကြောင်း သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှဦးက ပြောသည်။
“သောက်သုံးရေ မသောက်ရတော့ ရတဲ့ရေကို သောက်တာ။ ဆားငံရေသဘောလိုမျိုး။ ဒါပေမယ့် ပိုက်ဆံရှိတဲ့သူက စစ်တွေက မှာသောက်သုံးတယ်။ ဝမ်းရောဂါဖြစ်တဲ့သူတွေက အခုဆိုရင်များလာတယ်။ နှစ်ဆယ်၊ သုံးဆယ်လောက်ဖြစ်နေတယ်။ ဝမ်းလျှောတယ်။ ဝမ်းသွားတယ်။ ဒီလိုပဲဖြစ်နေတာ။ အထက်လူကြီးတွေကို သိစေချင်တယ်။ တစ်ခုခုလုပ်ပေးစေချင်ပါတယ်”ဟု ၎င်းက ပြောသည်။
သဲခုံကျေးရွာသည် ရခိုင်ပြည်မြို့တော် စစ်တွေမြို့၏ တောင်ဘက် ၅ ကီလိုမီတာအကွာမှာတည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ခန့်နေထိုင်နေကြသည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။