ကမ်းရိုးတန်းက ထွက်ရှိလာတဲ့ ခေတ်ပေါ်ကဗျာစာအုပ်နှစ်အုပ်
ဒီလို မိုးသည်းကြီးမည်းကြီး ရွာနေတဲ့ ရာသီဥတုလိုမျိုးမှာ အိမ်ထဲမှာ ကော်ဖီတစ်ခွက်နဲ့ လက်ထဲကလက်ကိုင်ဖုန်းကိုချပြီး ကော်ဖီပူပူလေးသာက်ရင်း ကဗျာစာအုပ်လေးဖတ်မယ်ဆိုရင် ရခိုင်ဒေသအခြေစိုက် ကမ်းရိုးတန်းက ထွက်ရှိလာတဲ့ ကဗျာစာအုပ်နှစ်အုပ်ကို ရွေးစေချင်ပါတယ်။ ရခိုင်ဘာသာစကားနဲ့ဖော်ပြထားတဲ့ ဆရာငြိမ်လှိုင်းရဲ့ကဗျာစာအုပ်တစ်အုပ်ဖြစ်တဲ့ “ဝတ်စုံ” ဆိုတဲ့ ကဗျာစာအုပ်နဲ့ မြန်မာဘာသာစကားကို ရွေးချယ်ပြီး ရေးသားထားတဲ့ ဆရာဇင်ရရဲ့ “ကုလားအုပ်များ” ဆိုတဲ့ ကဗျာစာအုပ်ပါ။
15 Jul 2019
မြနှင်းသူ | DMG
ကမ်းရိုးတန်းကထွက်ရှိလာတဲ့ ကဗျာစာအုပ်နှစ်အုပ်အကြောင်းကို ဖတ်ညွှန်းအနေနဲ့ ဖော်ပြချင်ပါတယ်။ ဒီလို မိုးသည်းကြီးမည်းကြီး ရွာနေတဲ့ ရာသီဥတုလိုမျိုးမှာ အိမ်ထဲမှာ ကော်ဖီတစ်ခွက်နဲ့ လက်ထဲကလက်ကိုင်ဖုန်းကိုချပြီး ကော်ဖီပူပူလေးသာက်ရင်း ကဗျာစာအုပ်လေးဖတ်မယ်ဆိုရင် ရခိုင်ဒေသအခြေစိုက် ကမ်းရိုးတန်းက ထွက်ရှိလာတဲ့ ကဗျာစာအုပ်နှစ်အုပ်ကို ရွေးစေချင်ပါတယ်။ ရခိုင်ဘာသာစကားနဲ့ဖော်ပြထားတဲ့ ဆရာငြိမ်လှိုင်းရဲ့ကဗျာစာအုပ်တစ်အုပ်ဖြစ်တဲ့ “ဝတ်စုံ” ဆိုတဲ့ ကဗျာစာအုပ်နဲ့ မြန်မာဘာသာစကားကို ရွေးချယ်ပြီး ရေးသားထားတဲ့ ဆရာဇင်ရရဲ့ “ကုလားအုပ်များ” ဆိုတဲ့ ကဗျာစာအုပ်ပါ။
ပထမဆုံး မိတ်ဆက်ပြောရရင် ကုလားအုပ်များ ကဗျာစာအုပ်အကြောင်းကို ပြောပြချင်ပါတယ်။
ကဗျာစာအုပ်ရေးသားသူ ကဗျာဆရာ ဇင်ရကတော့ ခေတ်ပေါ်စာပေကို ချစ်မြတ်နိုးဖတ်ရှုကြတဲ့ မဂ္ဂဇင်းတချို့မှာနေရာရ ဖော်ပြခံလာရတဲ့ ခေတ်ပေါ်အရေးသားတွေကို ရေးသားသူပါ။ ကဗျာစာအုပ်ရဲ့ မျက်နှာဖုံးကို စတင်ပြီး ခံစားကြည့်ရှုစဉ်ကနေ လေးလံမှုတစ်ခုခုကို စိတ်ထဲမှာ သက်ရောက်စေတဲ့ စုတ်ချက်ဆေးစက်တွေကို မှင်သက်မိစေမှာပါ။ စာအုပ်ရဲ့တည်ရှိမှုကို ပြောရရင် ကမ်းရိုးတန်းက မြန်မာဘသာစကားနဲ့ ထုတ်ဝေလာတဲ့ ဒုတိယမြောက်ကဗျာစာအုပ်လည်း ဖြစ်ပါတယ်။ ကဗျာစုစုပေါင်း ၂၁ ပုဒ်ဖော်ပြထားပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေပြီး ကျွန်တော်တို့ သတိမထားမိတဲ့ ရှုမြင်မှုမျိုးတွေကို ကဗျာထဲမှာ စွဲရှိနေတာ မြင်ရမှာပါ။ ခေါင်းစည်းကဗျာတစ်ပုဒ်ဖြစ်တဲ့ “ကုလားအုပ်” ကဗျာဆိုရင် စာသားတွေဆီက တစ်ဆင့် ကျွန်တော်တို့ရဲ့ လေးလံမှုတွေ၊ မွန်းကျပ်မှုတွေကို ချိန်ဆပေးစေနိုင်တယ်။ ကိုယ်ဟာ ကုလားအုပ်တစ်ကောင် ဖြစ်နေပြီလားဆိုတဲ့ ခံစားမှုအသိမျိုးကို ရောက်စေကြလိမ့်မယ်လို့ ထင်ရတယ်။
ကုလားအုပ်များ
သူတို့ကျောပေါ်ကဆောင်းဟာ ပိုလေးလံလာ
သူတို့ခြေထောက်တွေဟာ ပိုကွေးညွတ်လာ
ကုလားအုပ်ကဗျာထဲမှာလိုပဲ ကျွန်တော်တို့က မွေးရာပါထမ်းပိုးခြင်းတွေနဲ့လားဆိုတာကို ကိုယ့်ကိုစဉ်စားမိလာတယ်။ ကျွန်တော်တို့ မသိတဲ့ ကျွန်တော်တို့ ထမ်းထားကြတဲ့ အရာတွေ၊ ကျွန်တော်တို့ စိတ်မပါဘဲ နှင်နေကြတဲ့ ခြေလှမ်းတွေ ... ပြန်လှည့်ကြည့်ရင် ကုလားအုပ်တွေရဲ့ သဲကန္တရာထဲက ခြေရာတွေလိုပဲ ကိုယ်အလိုပါပြီး လျှောက်ဖြစ်ခဲ့ကြတဲ့ လမ်းတွေလားဆိုတာ ကိုယ်စဉ်းစားကြရမှာ။ ကဗျာစာအုပ်ထဲက နောက်ထပ် ကဗျာတွေဖြစ်ကြတဲ့ “မျက်လုံးအသေ၊ ပင်လယ်ည၊ မျက်မမြင်ဒရိုင်ဘာ” စာဖတ်သူကို ဆင်ခြင်မှုတစ်စုံတစ်ရာ ပေးစေတဲ့နိုင်တဲ့ ကဗျာတွေလို့ ညွှန်းလို့ရပါတယ်။ မျက်မမြင်ဒရိုင်ဘာ ကဗျာထဲက ကဗျာမှာ ဒရိုင်ဘာဟာ ဘယ်နားမှာလဲ၊ ဘယ်သူလဲ ကျွန်တော်တို့ လိုက်ပါနေတဲ့ ယာဉ်ထဲမှာပဲ၊ ကျွန်တော်တို့ ဘဝတွေက ဒရိုင်ဘာလက်ထဲမှာပဲ ထိုးအပ်ထားရမလား ဆိုတဲ့ ချောက်ကမ်းပါးတစ်ခုလို နက်မှောင်တဲ့ အတွေးတွေ ကိန်းအောင်းလာနိုင်တယ်။
စာအုပ်ထဲမှာပါရှိတဲ့ ကျန်ကဗျာတွေကိုလည်း အကျယ်တဝင့်ဖတ်ရှုနိုင်မှာပါ။ ဒီ ကုလားအုပ်များ ကဗျာစာအုပ်ကို ရခိုင်ဒေသမှာရှိတဲ့ စာအုပ်ဆိုင်တွေအပြင် ပြည်မဘက်မှာလည်း ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ ကိုလတ်စာပေက ဖြန့်ချိတာပဲဖြစ်ပါတယ်။
နောက်တစ်အုပ်ကတော့ ပေါ့ပါးမှုလွတ်လပ်ခြင်းကို ရရှိစေနိုင်တဲ့ ကဗျာစာအုပ်တစ်အုပ်ဖြစ်တဲ့ ဝတ်စုံပါ။ စာအုပ်ထဲမှာ ကဗျာတွေအပါအဝင် ဓာတ်ပုံရသကိုလည်း ခံစားမြင်တွေ့နိုင်ကြမှာပါ။
ငြိမ်လှိုင်းရဲ့ ဝတ်စုံတွေကို ခြုပ်ပေးတဲ့ စက်ဆရာဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ခေတ်ကာလကြီးပဲ။
ဝတ်စုံကို ဖော်ပြဖို့ ရခိုင်ဘာသာစကားကို ရွေးချယ်ခဲ့တဲ့ ငြိမ်လှိုင်းဝတ်စုံတွေထဲမှာ တိတ်ဆိတ်လွန်းတဲ့ ချည်သားတွေနဲ့ ရက်လုပ်ထားတဲ့ ဝတ်စုံတွေကို တွေ့ရသလို ရဲတင်းလွန်းတဲ့ ဆေးရောင်ခြယ်မှုကိုလည်း တွေ့ရှိနိုင်ကြလိမ့်မယ်။ ၂၀၀၀ ဝန်းကျင်ကာလမှာ မြို့ကို တက်လာကြတဲ့ နယ်က ကလေးတွေအများစုဟာ အစိမ်းအဖြူဝတ်စုံကို ဝတ်ဆင်ထားကြတယ်။
ဒါဟာ ကျွန်တော်တို့ မြို့ပေါ်ကမဟုတ်ဘူး နယ်ကလူတွေပဲဆိုတာ ကျွန်တော်တို့ တန်းသိတယ်။ ကျောင်းပိတ်ရက်လို ရက်မျိုးတွေမှာပေါ့။ ငြိမ်လှိုင်းက ဒါကို ချန်ရစ်မထားခဲ့ဘူး သူ့မှာလည်း အစိမ်းဖြူဝတ်စုံတစ်စုံ ရှိခဲ့တဲ့ အကြောင်းကို ဝတ်စုံထဲမှာ ဖော်ပြထားတယ်။ ကဗျာထဲကို ပိုပြီးလှမ်းကြည့်ရင် မြို့ကိုသွားတိုင်း အစိမ်းဖြူဝတ်ရတဲ့ ဖက်ရှင်ရဲ့နောက်ကွယ်မှာ တံခါးပိတ်စီးပွားရေးကြောင့် အဝတ်အစားရှားပါးမှု၊ အသစ်အထည်တွေကို မဝတ်ဆင်နိုင်မှုတွေ လိုက်ပါလာလိမ့်မယ်။ အဲဒီခေတ်ကာလ နိုင်ငံရေးရိုက်ခတ်မှုဟာ ၉၅ နောက်ပိုင်းဖွား ငြိမ်လှိုင်းရဲ့ အတွေးထဲကိုပါ လာရောက်ရိုက်ခတ်တာပဲဖြစ်တယ်။
မြို့ကိုလားကေဖြစ်ဖြစ်
ဘုရားဖူးလားကေ ဖြစ်ဖြစ်
အခြားတစ်ရွာကို လားကေဖြစ်ဖြစ်
အင်္ကျီအဖြူ ဘောင်းဘီအစိမ်း
ဝမ်းဆက်အသစ်တစ်စုံ ဟိခရေ။
ဝတ်စုံ ကဗျာစာအုပ်ရဲ့ ထူးခြားချက်ကိုပြောပြပါဆိုရင် ကမ်းရိုးတန်းရဲ့ စံအတိုင်းပဲ ထူးခြားတဲ့ အနုပညာဖန်တီးမှုအဖြစ် ရခိုင်အနုပညာနယ်ပယ်မှာ မတွေ့ရသေးတဲ့ ဖန်တီးမှုတစ်ခုကို ကဗျာစာအုပ်ထဲမှာ ဖော်ပြထားတယ်။ ကဗျာစာအုပ် အမျိုးအစားပုံစံကလဲ ကဗျာတစ်ပုဒ်ချင်းစီကဗျာမျိုးမဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းနဲ့ ကဗျာတစ်အုပ်လုံးကို အခန်းတစ်ခုချင်းစီ ရေးဖွဲ့တင်ပြထားတာတဲ့ စီးရီးကဗျာမျိုးပါ။ ဝတ်စုံရဲ့ နှစ်ကာလကြာရှိမှုကလည်း နှစ်နှစ်ဝန်းကျင် တည်ရှိပေမယ့် စာအုပ်က စာမျက်နှာ ၅၀ မကျော်တဲ့ စာအုပ်ပါ။ ကဗျာတစ်ပုဒ်ချင်းစီပဲ ဖြစ်ဖြစ် ၊ စာသားတစ်ကြောင်းပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ တည်ရှိခဲ့ကြတဲ့ နှစ်ကာလတွေထဲက နှစ်တွေကို မှတ်မိစေနိုင်ပါတယ်။
အစဉ်အလာ ကဗျာစာအုပ်ထုပ်ဝေရေးလိုမျိုး ကဗျာပေါ်မှာ သရုပ်ဖော်ပုံရေးဆွဲတာမျိုးထက် သာလွန်တဲ့ အနုပညာ အက်တန်အသစ်တစ်ခုကို တွဲချိတ်ထားတယ်။
ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ၊ ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ အိမ်မှာ ပိုလျှံတဲ့ အဝတ်ဟောင်းတွေနဲ့ ပြုလုပ်တတ်ကြတဲ့ ယမင်းရုပ်လေးတွေကို installation art နဲ့ ဓာတ်ပုံအနုပညာ ချိတ်ဆက်ပြီး ဝတ်စုံကဗျာတွေအပေါ် ခံစားသရုပ်ဖော်ပြထားတဲ့ ဓာတ်ပုံအနုပညာပြုလုပ်ချက်တွေ ပါဝင်လာတာပဲဖြစ်ပါတယ်။
ဒီသရုပ်ဖော်ချက်တွေကလည်းပဲ တံခါးပိတ်စီးပွားရေးစနစ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေမှာ ဒေါ်လီရုပ်လေးတွေကို မဝယ်ယူနိုင်ဘဲ စွန့်ပစ်ပစ္စည်းတွေနဲ့ ဆော့ကစားကြရတဲ့ (နို့ဆီဘူးခွံတွေကို ကားဘီးလုပ်ပြီး ကစားခြင်း၊ စက်ဘီးတာယာတွေကို ဂွေလှိမ့်ကစားခြင်းအခြေအနေတွေ) ငယ်ဘဝကို မြင်ယောင်စေနိုင်တယ်။
စာအုပ်ကိုပိုပြီး လေးနက်သွားစေတဲ့ အကြောင်းက ခေတ်ပေါ်လူငယ်ကဗျာဆရာတစ်ဦးဖြစ်တဲ့ မင်းပြားမင်းစံက ငြိမ်လှိုင်းရဲ့ ကဗျာတွေအပေါ် ချဉ်းကပ်ခံစားထားမှုပါပဲ။
ဒီကဗျာစာအုပ်ကိုလည်းပဲ ရခိုင်ဒေသမှာရှိတဲ့ အမြို့မြို့နယ်နယ်က စာအုပ်ဆိုင်တွေကနေ ဝယ်ယူရရှိနိုင်ပါတယ်။