ရှုပ်ထွေးမှုတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံနဲ့ သီးခြားဆန်လာတဲ့ ရခိုင်ပြည်
စစ်ကောင်စီက ကိုဗစ်ကာလ လွတ်ငြိမ်းငြိမ်းသာခွင့်အဖြစ် အကျဉ်းသားများစွာကို လွတ်ပေးခဲ့ပေမယ့် အာဏာ သိမ်းစဉ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့အမှုတွေ လုံးဝမပါဝင်ဘဲ မူးယစ် ဆေးဝါးမှု။ သစ်မှောင်ခိုမှု ၊ လက်နက်မှု စတဲ့ ပြစ်မှုကျူးလွန်ထားသူတွေသာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ဆန္ဒမရှိသေးဘူး ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ ဒီအကျဉ်သားလွှတ်မှုမှာ အင်းစိန်ထောင်အတွင်း ဆူပူမှုဖြစ်ခဲ့တာကြောင့် အမျိုးသမီး အကျဉ်းသား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ (VOA) က အတည်ပြုတာကိုတွေ့ရပြီး ထောင်တွင်းက ပဋိပက္ခ အပြည်အစုံကိုတော့ ရှင်းရှင်းလင်းလင်း အတည်မပြုနိုင်သေးတာကို တွေ့ရပါတယ်။
30 Jul 2021
ဇူလိုင် ၃၀| DMG
မင်းထီး ရေးသားသည်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေးလာသလို ပြည်တွင်းစစ်နဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကလည်း တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း ဝင်ရောက်နေတာကိုတွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံလို နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုအဖို့ အစွန်းတစ်ဖက်သို့ထိ ဆွဲခေါ်သွားနိုင်ပါတယ်။ နိုင်ငံဟာ လူထုကို အငတ်ဘေးကြားမှာ ငြိမ်ဝပ်ပိပြားတဲ့နည်းနဲ့ အုပ်ချုပ်လို့ရနိုင်ပေမယ့် ကိုရိုနာ ဗိုင်းရပ်စ်လို ရောဂါကပ်ဘေးကိုတော့ ငြိမ်ဝပ်ပိပြားဖို့ အာဏာစက်နဲ့ မလုပ်နိုင်ပါဘူး။
တစ်ချိန်တည်းမှာ ပြဿနာနှစ်ခုကို တစ်ပြိုင်တည်းဖြေရှင်းနိုင်ဖို့က အလွန်ခက်ခဲစေနိုင်ပြီး နှစ်ခုလုံးကိုတစ်ပြိုင် တည်းတစ်ချိန်တည်းမှာ ဖြေရှင်းမယ်ဆိုရင်လည်း လက်တွေ့မကျနိုင်ပါဘူး။ နိုင်ငံအနေနဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တည်ငြိမ်မှုကို အရင်တည်ဆောက်ရပါလိမ့်မယ်။ တည်ငြိမ်မှုမရှိဘဲ ဖြေရှင်းလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကြောင့် ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို စတင်တည်ဆောက်မည်လား။ ကြီးထွားလာနေတဲ့ ကိုရိုနာရောဂါကို တိုက်ဖျက်ကြမည်လားဆိုတာ လက်ရှိအာဏာရယူထားတဲ့ စစ်ကောင်စီအနေနဲ့ ရွေးချယ်ရမယ့်အချိန်လို့ မြင်ပါတယ်။ လက်တွေ့မှာလည်း စစ်ကောင်စီက ရောဂါတိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။
ဘယ်လိုပဲကြည့်ကြည့် လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကို အရင်ဆုံးတိုက်ဖျက်နိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကိုဗစ်ဟာ တစ်ချိန်တည်းမှာ လူ့အသက်ပေါင်းများစွာကို သေစေနိုင်ပြီး တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာတင် လူ့အရင်းအမြစ်ပေါင်းများစွာကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ ကိုဗစ်အန္တရာယ်ကို ရင်ဆိုင်ဖို့ ဒီနိုင်ငံအတွင်းက ကိုရိုနာဗိုင်းရပ်စ် ထွက်သွားဖို့ဆိုတာ အချိန် ၊ ငွေကြေး၊ နည်းပညာ၊ လူထုပူးပေါင်းပါဝင်မှု စတဲ့အချက်တွေ ပြည့်စုံနိုင်မှ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို အချိန်တိုအတွင်း တိုက်ဖျက်နိုင်မှာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ကာရဲ့ အကူအညီလည်း နည်းပါးနေသလို မြန်မာနိုင်ငံ ကို အမြဲတန်းထိပ်ဆုံးက ကူညီပေးနေခဲ့တဲ့ ဂျပန်နိုင်ငံတောင် အခုကိုဗစ်တိုက်ဖျက်ရေးမှာအသုံးပြုဖို့ မြန်မာနိုင် ငံကို ပေးအပ်တဲ့ အကူအညီကို အစိုးရ(စစ်ကောင်စီ) သို့ တိုက်ရိုက်ပေးတာမျိုးမဟုတ်ဘဲ UNကနေတဆင့် ပေးအပ်တယ်ဆိုတာ အာဏာသိမ်းအစိုးရကို တရားဝင်လက်မခံကြောင်း ပြသတာဖြစ်တယ်လို့မြင်ပါတယ်။ ဆိုတော့ တိုက်ရိုက်ပေးအပ်တဲ့ တရုတ်အကူအညီတစ်ခုတည်းနဲ့ တိုက်ဖျက်ဖို့ဆိုတာ အလွန်တရာ ခက်ခဲနိုင်ပါတယ်။
စစ်ကောင်စီဟာ ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်ဆေး လေးသန်းဝယ်ယူထားပြီး တရုတ်က နှစ်သန်း ထပ်မံကူညီဖို့ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ရာရှားနိုင်ငံက ကိုဗစ်ကာကွယ်ရေးအတွက် ဆေး နှစ်သန်း ထပ်မံဝယ်ယူထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေအားလုံးရဲ့ (1.7) သန်းဟာ ကိုဗစ်ကာကွယ် ဆေး ထိုးပေးထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ သို့သော်လည်း အခု ဝယ်ယူထား တဲ့ဆေးတွေ ဘယ်တော့ထိုးရမလဲဆိုတာတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံအတွင်း နိင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူမှုကို လက်မခံတဲ့ ကမ္ဘာ့ နိုင်ငံတွေများနေတာ ကြောင့် စစ်ကောင်စီဟာ တရုတ်နဲ့ ရာရှားနိုင်ငံလွဲပြီး နိုင်ငံတစ်ကာရဲ့ အကူအညီကို မရရှိသေးသလို ပြည်မ လူထုကိုယ်တိုင် စစ်ကောင်စီကို လက်မခံဘဲ ပုန်ကန်တော်လှန် နေကြတာကြောင့် ကိုဗစ်တိုက်ဖျက်ရေးဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့စိတ်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကပ်ရောဂါ ကာလဖြစ်တာကြောင့် အရင် စစ်အာဏာရှင်တွေလို တိုင်းပြည်သယံဇာတတွေကို ထုတ်ရောင်းပြီး ငွေကြေးအပေးအယူ လုပ်နိုင်ဖို့လည်း ကိုဗစ်ကပ်ရောဂါကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရချိန်မှာ အရင်ကလို မလွယ်ကူနိုင်ပါဘူး။
စစ်အာဏာရှင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးကို ရယူခဲ့တဲ့ တရုတ်ဟာလည်း မြန်မာလူထုရဲ့ ဆန့်ကျင်မှုကို များစွာခံခဲ့ရသလို လက်ရှိအချိန်မှာလည်း နိုင်ငံရဲ့ အားကိုးလောက်တဲ့ အိမ်နီးချင်းကောင်းအဖြစ် မြန်မာလူထုက သတ်မှတ်ကြတာကို မတွေ့ရပါဘူး။ နောက်တစ်ခုက တရုတ်ဟာ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကမ္ဘာလွှမ်းခြုံ အိမ်မက် (BRI) စီမံကိန်းကို အကောင်အထည်ဖေါ်ဆောင်ဖို့ ကြိုးစားလာပြီးနောက် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်ရာမှာ ကျင့်ဝတ် ဂုဏ်သိက္ခာပိုင်းကို ထိန်းသိမ်းဖို့ ဖိုရမ်ပေါင်းများစွာနဲ့ မူဝါဒတွေချမှတ်ပြီး ကမ္ဘာကို ကတိပေးနေတဲ့ တရုတ်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းမှာ စစ်ကောင်စီကို ပုံအောလက်ခံပြီး ကမ္ဘာကို ရပ်တည်ပြဖို့ ခက်ခဲမှာပါ။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးကို ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း မဟာမိတ် နိုင်ငံအနေနဲ့ အဲဒီအကျိုးကျေးဇူးတွေကြောင့် မဖြစ်စလောက် အကူအညီတွေကို ပေးနေဖို့သေချာပါလိမ့်မယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိုဗစ်ကြောင့်သေဆုံးသူတွေစာရင်းနဲ့ ပရဟိတသမားတွေ ပြော နေတဲ့စာရင်းတွေ ကွာဟနေတာကို ကြည့်ခြင်းအားဖြင့် ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ စစ်ကောင်စီမှာ တိတိကျကျမရှိဘူးလို့ ပြောရမှာပါ။ နောက်တစ်ခုက နိုင်ငံအတွင်း အခုလိုကပ်ရောဂါဖြစ်လာတော့ အရင်တာ ဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ မလုံလောက်မှုပြသနာကိုလည်း ကြုံနေရတာကို တွေ့ရပါတယ်။ ပြည်မအတွင်း ပြည်သူတချို့ကလည်း စစ်ကောင်စီရဲ့ ဆေးရုံ ဆေးခန်းတွေထက် နေအိမ်မှာသာ ကြိတ်ကုနေပြီး သေဆုံးနေကြရတယ်လို့ ခန့်မှန်းရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒီ ကိုဗစ်အကျပ်အတည်းကို ဖြေရှင်းဖို့ ခက်ခဲစေနိုင်သေးသလို မဖြေရှင်းနိုင်ရင်လည်း ကိုဗစ်တတိယလှိုင်းဟာ နိုင်ငံကိုပိုပြီး ကျပ်တည်းစေမယ့် လမ်းကြောင်းထိ ဆွဲခေါ်သွားနိုင်ပါတယ်။
စစ်ကောင်စီက ကိုဗစ်ကာလ လွတ်ငြိမ်းငြိမ်းသာခွင့်အဖြစ် အကျဉ်းသားများစွာကို လွတ်ပေးခဲ့ပေမယ့် အာဏာ သိမ်းစဉ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့အမှုတွေ လုံးဝမပါဝင်ဘဲ မူးယစ် ဆေးဝါးမှု။ သစ်မှောင်ခိုမှု ၊ လက်နက်မှု စတဲ့ ပြစ်မှုကျူးလွန်ထားသူတွေသာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ဆန္ဒမရှိသေးဘူး ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ ဒီအကျဉ်သားလွှတ်မှုမှာ အင်းစိန်ထောင်အတွင်း ဆူပူမှုဖြစ်ခဲ့တာကြောင့် အမျိုးသမီး အကျဉ်းသား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ (VOA) က အတည်ပြုတာကိုတွေ့ရပြီး ထောင်တွင်းက ပဋိပက္ခ အပြည်အစုံကိုတော့ ရှင်းရှင်းလင်းလင်း အတည်မပြုနိုင်သေးတာကို တွေ့ရပါတယ်။
ရခိုင်ပြည်အရေးကို ဆက်ကြရအောင်ပါ။ ရခိုင်ပြည်ဟာ လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် (2018) မှာ ရခိုင့်တပ်တော် အေအေ ရခိုင်ပြည်ထဲကိုစတင်အခြေကုပ်ယူလာခဲ့ပြီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပါတယ်။ (၂၀၁၉) ဖေဖေါ်ဝါရီမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရက္ခိုင့်တပ်တော်ကို အမြစ်ပြတ်ချေ မှုန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် မြန်မာစစ်တပ်ကို အမိန့်ပေးခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်ထားမှုနဲ့အတူ မြန်မာစစ်တပ်ဟာ နှစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ( ၄၂၀၀) လေးထောင့်နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး အရပ်သားသုံးရာကျော်သေဆုံး ကာ စစ်တပ်ရဲ့ ဖမ်းဆီးတရား စွဲဆိုထားမှုပေါင်းများစွာ ကျန်ရှိနေပါသေးတယ်။ ရခိုင်ပြည်အတွင်း ဖြစ်ပွား နေတဲ့ တိုက်ပွဲများကို (၁၂/၁၁/၂၀၂၀) မှာ ရပ်စဲခဲ့ကြပြီး မြန်မာစစ်တပ်ဟာလည်း နိုင်ငံတော်အာဏာကို (၁/၂/၂၀၂၁) မှာ သိမ်းယူလိုက်ကာ အာဏာရပါတီလည်းဖြစ် အစိုးရအဖွဲ့လည်းဖြစ်တဲ့ (NLD) ပါတီခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ရက္ခိုင့်တပ်တော်ကို ( NLD ) အစိုးရလက်ထက်က အကြမ်းဖက်အ ဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းကို စစ်ကောင်စီက ဖျက်သိမ်းပေးခဲ့တာကိုတွေ့ရပါတယ်။ သို့သော်လည်း စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာ ထားခဲ့စဉ်က မတရားဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်သူတစ်ချို့ကိုတော့ စွဲဆိုထားတဲ့အမှုတွေက ရုပ်သိမ်းပေးခဲ့ပေမယ့် အမှုအားလုံးကို ချေဖျက်ပေးခြင်းမျိုးတော့ မရှိသေးသလို အကြမ်းဖက်နဲ့ တရားစွဲခံထားရတဲ့အမှုပေါင်း များစွာလည်း ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တချို့နဲ့ စစ် တပ်ဆန့်ကျင်တဲ့ ပြည်မတော်လှန်ပုန်ကန်သူတွေ ပူးပေါင်းခဲ့ကြပေမယ့် ရက္ခိုင့်တပ်တော်ကတော့ သီးခြား ရပ်တည်တဲ့ ပုံစံကိုပြသလာခဲ့တာကိုတွေ့ရပြီး စစ်တပ်ရဲ့ အာဏာသိမ်းဆန့်ကျင်ရေး သပိတ်တွေကိုလည်း ရခိုင်ပြည်အတွင်း ပြုလုပ်ရေးကို အားမပေးခဲ့ပါဘူး။ ဒီလူထုဆန့်ကျင်ရေးသပိတ်တွေပြုလုပ်မှုကို ရက္ခိုင့်တပ် တော်ကပူးပေါင်းပါဝင်ခြင်းမျိုး မလုပ်တာကို (NLD) ထောက်ခံသူတချို့ဝေဖန်ခဲ့ကြတာကိုတွေ့ရပါတယ်။
တစ်ဖက်ကပြန်ကြည့်ရင်လည်း (NLD) အစိုးရနဲ့ စစ်တပ် သဘောတူခဲ့ပြီး ရက္ခိုင့်တပ်တော်ကို အမြစ်ပြတ်ချေ မှုန်းရေး စီမံချက်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကို နှစ်နှစ်ကြာခံခဲ့ရပြီးတဲ့နောက် စစ်တပ်နဲ့ အစိုးရတို့ရဲ့ သဘောထားကွဲလွဲ အာဏာသိမ်းမှု ပဋိပက္ခမှာ မည်သည့်ဘက်ကမျှ မရပ်တည်ဘဲ နေပြလိုက်ခြင်းဟာ ရခိုင်ပြည် သူလူထုအတွက် ရန်/ငါ ကွဲပြားအောင် ပြသလိုက်ခြင်းမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရက္ခိုင့်တပ်တော်ရဲ့ ရပ်တည်ချက်ဟာ စစ်တပ်ကို ထောက်ခံခြင်း မဟုတ်ဘူးဆိုတာကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြောက်ပိုင်းနဲ့ အရှေ့ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော်က ပါဝင်ပူးပေါင်းခဲ့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ရခိုင်ပြည်အတွင်းမှာတော့ ရက္ခိုင့်တပ်တော်ဟာ ရခိုင်လူထုထောက်ခံမှုကို အပြည့်အဝရရှိထားသလို အုပ်ချုပ် ရေး၊ တရားစီရင်ရေး စတဲ့ (State Building ) ပိုင်းကို တည်ဆောက်ရာမှာတော့ အောင်မြင်နေတဲ့ အခြေအနေ ထိ တေ့ွမြင်နေရပါတယ်။ ရခိုင်ပြည်နယ်အတွင်း မှုခင်းကျဆင်းရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးကို ဦးစား ပေးလုပ်ဆောင်တာကိုတွေ့ရပြီး ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်ရဲ့ တည်ဆောက်မှုတွေ အချိန်တိုအတွင်း အောင်မြင်လာရေးအတွက် ရခိုင်ပြည်အတွင်း ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှု ၊ လေးစားလိုက်နာမှုဟာ အံမခန်း လောက်အောင် ပြီးပြည့်စုံတယ်လို့ဆိုရမှာပါ။
လက်ရှိ ကိုဗစ်ကာလကိုဖြတ်ကျော်ဖို့ ( ၂၀/၇/၂၀၂၁) ရက်နေ့က ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်တဲ့ ကိုဗစ် စည်းမျဉ်းစည်းကမ်းများနဲ့ ( Stay at Home) ကာလထုတ်ပြန်ချက်ဟာ ရက္ခိုင့်တပ်တော်ရဲ့ အာဏာကြီးထွား မှုနဲ့ ရခိုင်လူထုရဲ့ အမိန့်နာခံမှုကို ပြသလိုက်တာဖြစ်တယ်လို့ စာရေးသူအနေနဲ့ သုံးသပ်ပါတယ်။ ရက္ခိုင့်တပ် တော်က ကိုဗစ်စည်းကမ်းကို ထုတ်ပြန်လိုက်တဲ့ နေ့ကစပြီး မြို့တိုင်းမှာ လူထုအဝင်အထွက် ထူးခြားစွာနည်း ပါး သွားသလို ရပ်ရွာတွေအတွင်း ဝင်ထွက်သွားလာခြင်းများကို ချက်ချင်းစည်းကမ်းချက်များအတိုင်း ပြုလုပ် ထားကြတာကိုတွေ့ရပါတယ်။ ဒါဟာ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ မဖြစ်မနေရှိသင့်တဲ့ လူထုရဲ့ လက်ခံယုံ ကြည် မှုဖြစ်သလို ရက္ခိုင့်တပ်တော်က လုပ်ဆောင်နေတဲ့ နိုင်ငံတော်တည်ဆောက်ခြင်း (State Building) ဖြစ်ပြီး ဩဇာသက်ရောက်မှုကို တရားဝင်ချပြလိုက်တာဖြစ်နိုင်ပါတယ်။
ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေဟာ ဟာ (NLD) အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင် ခွင့်မရခဲ့သလို (NLD) အစိုးရ ဦးဆောင်ပြီးပြုလုပ်ခဲ့တဲ့ (၂၁)ရာစုပင်လုံကနေ ရရှိခဲ့တဲ့ သဘောတူညီချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖယ်ဒရာယ်နိုင်ငံ ပုံစံကို သဘောတွေ့ခဲ့ပုံမရခဲ့ပါဘူး။ ဒါကြောင့်လည်း ရခိုင်ပြည်ကို ကွန်ဖက်ဒရိတ် (Confederate ) ပုံစံရလိုကြောင်း ထုတ်ဖေါ်ပြောဆိုထားတာကိုကြည့်ရင် ရခိုင်ပြည်ကို သီခြားပုံစံနဲ့ ဖြစ်တည် လိုကြောင်း ပြသတာဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်ဟာ ( State Building) ကနေဆစ်ဆင့်မှ ( Nation building) ကို တည်ဆောက်မယ့်ပုံစံသို့ ဦး တည်ထားတယ်လို့ ဆိုရမှာပါ။ ရခိုင်ပြည်ဟာ မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ဒေသ ဖြစ်သလို ဘာသာ ရေး ၊ လူမျိုးရေး အရောင်ပြ ပဋိပက္ခတည်ရှိရာ ဒေသလည်းဖြစ်ပါတယ်။ သို့သော်လည်း (၂၀၁၂ ) လို ပဋိပက္ခ တွေရဲ့ အဖြေကို ရခိုင်နဲ့ မွတ်ဆလင်ကြားက ဖြေရှင်းခွင့်မရရှိခဲ့သလို ပဋိပက္ခစုံးစမ်းရေးမှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခွင့်ကိုတောင် ပြည်ထောင်စုအစိုးရက လက်မခံခဲ့ပါဘူး။ သို့သော်လည်း ရခိုင့်အနာဂတ်ကာလ တည်ဆောက်ရာမှာတော့ ရခိုင်တွေကိုယ်တိုင် ရခိုင်ပြည်တွင်းက ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းနိုင်မယ့် အခွင့်အလမ်းတွေကို ရရှိနိုင်မယ်ဆိုရင် ဒါဟာ ပဋိပက္ခမဟုတ်ဘဲ နိုင်ငံရဲ့နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဦးတည်လာနိုင်မယ်လို့ မြင်ပါတယ်။
လက်ရှိအချိန်ထိ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် လက်ရှိအာဏာရယူထားတဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ဟာ နိုင်ငံရေး၊ငြိမ်းချမ်းရေး တရားဝင် ဆွေးနွေးထားကြတာမျိုးကို မတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်း သူ့တပ်စခန်းတွေကို ပြန်လည်ရုပ်သိမ်းတာမျိုးတော့ မရှိသေးပါဘူး။ ဒါဟာရခိုင်ပြည် အတွင်း ရက္ခိုင့်တပ်တော်က တည်ဆောက်နေတဲ့ နိုင်ငံရေးကို စစ်ကောင်စီဘက်က လက်မခံသေးတာလားဆို တာလည်း မေးခွန်းတစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီသာ ရက္ခိုင့်တပ်တော်ရဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေကို လက်မခံရင် ရခိုင်ပြည်အတွင်း ပြင်းထန်တဲ့ တစ်ကျော့ပြန်တိုက်ပွဲ တွေဆက်လက်ဖြစ်လာနိုင်ပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ တပ်မှူးချုပ်က လည်း (၂၀၂၀) က အင်တာဗျူးတစ်ခုမှာ အင်အားသာအဓိကဆိုပြီး ထုတ်ဖေါ်ပြောဆိုခဲ့တာတွေ ရှိခဲ့ဖူးသလို ရက္ခိုင့်တပ်တော်ဟာလည်း မြန်မာနိုင်ငံလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း အင်အားအတောင့်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာနိုင်တာကို တွေ့ရပါတယ်။ ရခိုင်လူငယ်တွေရဲ့ ပူးပေါင်းမှု ၊ ရခိုင်ပြည်တွင်း လူထုထောက်ခံမှုဟာ ရက္ခိုင်ပြည်ကို သီးခြားဆန်လာစေခြင်းရဲ့ အဖြေဖြစ်သလို စစ်ကောင်စီအနေနဲ့ ဒီအရှိတ ရားကို တိုက်ပွဲနဲ့ ပြန်လည်အဖြေရှာမည်ဆိုပါက ရခိုင်ပြည်အတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ထပ်မံပေါ် ပေါက် လာနိုင်ပါတယ်။
ခုလောလောယ်မှာတော့ ကိုဗစ်တိုက်ဖျက်ရေးအတွက် Stay at Home ကာလကို ရက္ခိုင့်တပ်တော်က (ဇူလိုင် ၂၀ မှ ဩဂုတ်လ ၄ ရက်နေ့အထိ) သတ်မှတတ်ထားပြီး လိုက်နာရမည့် စည်းကမ်း (၂၄) ချက်ကို ထုတ်ပြန်ကြေညာ ထားပါတယ်။ ရခိုင်လူထုတစ်ရပ်လုံးကလည်း စည်းမျဉ်းအတိုင်း လိုက်နာမှုမှာ အားရကျေနပ်စရာအဖြစ် ပြသပြီး တစ်မျိုးသားလုံးရဲ့ ဘုံရန်သူကိုဗစ်ကို တိုက်ဖျက်ရင်း ( STAY AT HOME) နဲ့အတူ ၂၄ ချက်သော စည်းမျဉ်းကိုလိုက်နာဖြင်းဖြင့် ကိုဗစ်ကပ်ရောဂါ ကင်းစင်သည့် အနာဂတ် ရခိုင်ပြည်ကို တည်ဆောက်နိုင်မှာဖြစ် ပါတယ်။
မင်းထီး