ဝိသမလောဘသားတွေ ကင်းဝေးကြပါစေ
ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ရောင်းတဲ့သူတွေက ဈေးမတက်ဘဲ ဝန်ထမ်းဆယ်ဂဏန်းနဲ့ အလုပ်လုပ်နေသူတွေက ဈေးနှုန်းတွေ တင်ရောင်းနေကြတာဟာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်သာဖြစ်တယ်။ ပိုက်ဆံရှိတဲ့သူတွေက ဆန်အိတ် ၅အိတ်၊ ဆယ်အိတ် ဝယ်လှောင်ထားနိုင်ပေမဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား အလုပ်သမားတွေမှာတော့ ငတ်ဖို့သာကျန်ပါတော့တယ်။ စီးပွားရေးလုပ်တာ ဆိုပေမဲ့လည်း ကိုယ်ချင်းစာစိတ်ကလေးတော့ ထားကြစေချင်ပါတယ်။
11 Apr 2020
ရမ္မာကျော်စော ရေးသားသည်။
မတ်လ ၂၅ ရက်နေ့ ညနေပိုင်း လမ်းထိပ်က မုန့်တီဆိုင်မှာ ထိုင်စားနေတုန်း ဆန်အိတ်တွေသယ်လာကြတဲ့ သုံးဘီးဆိုင်ကယ်တွေ သုံးစီး၊ လေးစီးလောက် ဖြတ်သွားကြတယ်။ မြင်ကွင်းက အတော်လေးထူးဆန်းနေတယ်။ ကျွန်တော် ဒီလမ်းထဲမှာ နေလာတာ ၁ နှစ်ပြည့်တော့မယ်၊ ဒီလို ဆန်အိတ်တွေ အများအပြား ဝယ်ယူတာမျိုးကို မတွေ့ဖူးပါ။ ဒါနဲ့ မုန့်တီဆိုင်မှာ ထိုင်နေကြတဲ့ အန်တီကြီးတွေကို မေးကြည့်တော့ COVID – 19 ရောဂါပိုးကူးစက်ခံရတဲ့လူနာ မြန်မာနိုင်ငံမှာ တွေ့ရပြီလို့ အစိုးရက ကြေညာလိုက်တာကြောင့် စားသောက်ကုန်တွေကို အလုအယက် ဝယ်နေကြတယ်ဆိုတာ သိခဲ့ရတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားခဲ့တဲ့ ဒီ COVID – 19 ရောဂါဟာ ကူးစက်နှုန်း မြန်ဆန်တာကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများကို ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း လူစုလူဝေးတွေကို ရှောင်ရှားဖို့၊ ဖြစ်နိုင်လျှင် အိမ်ထဲက အိမ်ပြင်ကို မထွက်ဖို့၊ ပွဲလမ်းသဘင်တွေကို မပြုလုပ်ဖို့ လှုံ့ဆော်ထားတာကို တွေရပါတယ်။ တစ်ဆင့်စကား တစ်ရွာနား ဆိုသလို ကောလဟလတွေဆိုတာကလည်း ပျံ့နှံ့တာ အရမ်းမြန်ပါတယ်။ လူစုလူဝေးတွေ မလုပ်ရဘူးလို့ ဆိုလိုက်တာနဲ့ လူအများစုဝေးတဲ့ ဈေတွေကိုပါ ပိတ်လာနိုင်တယ်လို့ ထင်မြင်ယူဆကြကုန်တယ်။ ထင်မြင်ချက်ပဲလားဆိုတော့ မဟုတ်ဘူး၊ ကိုယ့်အမြင်ကို ရင်းနှီးတဲ့သူတွေကို ပြောပြတယ်။ ဒီလိုနဲ့ပဲ ဈေးတွေကို ပိတ်လာနိုင်တယ်ဆိုတဲ့ အမြင်ဟာ ဈေးတွေကိုပိတ်မယ်တဲ့ဟေ့ ဆိုတဲ့အသံ ဖြစ်လာတယ်။ အဲဒီမှာ လူတွေက စားသောက်ကုန်တွေကို အလုအယက် ဝယ်ကြတော့တာပါပဲ။
ဘောဂဗေဒ ဘာသာရပ်မှာတော့ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းနေရင် ဈေးနှုန်းက တက်လာတယ်ဆိုတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာက ကောလဟလကြောင့် ကုန်ဈေးနှုန်းတွေက နာရီပိုင်းအတွင်းမှာပဲ ၅၀% လောက် ခုန်တက်သွားတယ်။ ဆန်ဝယ်လာတဲ့ အန်တီတစ်ယောက်ပြောသွားတာ ကြားလိုက်တော့ ကြက်သီးတောင် ထတယ်။ မနက်ကပဲ ဆန်(ပေါ်ဆန်းမွှေး) တစ်အိတ်ကို သုံးသောင်းငါးထောင်ဝန်းကျင်လောက်သာ ရှိရာကနေ ညနေပိုင်းမှာ လေးသောင်းခွဲကျော်အထိ ဈေးတက်သွားတယ်လို့ ပြောသွားလို့ပါ။ စတိုးဆိုင်တချို့ဆိုလည်း ဈေးဝယ်သူတွေ အဆမတန် များလွန်းလို့ ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။ နှာခေါင်းစည်း (Mask) တွေဆိုလည်း ဈေးနှုန်းတွေက ဆယ်ဆကျော်အထိ တက်သွားတယ်လို့ သိရတယ်။
အခုလို အခြေအနေမှာ ကုန်ဈေးနှုန်းတွေ ဘာကြောင့် ခုန်တက်သွားရတာလဲ။ ဒါကတော့ ဝိသမလောဘသားတွေက ဈေးကွက်ကို ချုပ်ကိုင်ထားလို့ပဲဖြစ်တယ်။ စီးပွားရေးသမားက အမြတ်ရှာတာ မဆန်းဘူးဆိုပေမဲ့ ဒီလောက်အထိ မညှာမတာ ဈေးနှုန်းတွေ မြှင့်လိုက်တာကတော့ တော်တော့်ကို အရုပ်ဆိုးတယ်လို့ ပြောရပါမယ်။ ရန်ကုန်တိုင်းအစိုးရကတော့ ပြည်သူတွေအတွက် လိုအပ်လာရင် ကျပ်ငွေ နှစ်ဘီလျံဖိုးဝယ်ထားတဲ့ ဆန်တွေကို အသုံးပြုမယ်လို့ ပြောကြားထားတာကို တွေ့လိုက်ရတယ်။ ဒီလိုမျိုး ပြောဆိုလိုက်တာဟာ ဆန်တွေကို ဈေးကစားဖို့ လုပ်နေတဲ့သူတွေကို တဖက်လှည့်နဲ့ သတိပေးလိုက်တာလို့ ဆိုရပါမယ်။ ရခိုင်ပြည်နယ်အစိုးရကတော့ ဒီလိုစီမံထားတာမျိုး ရှိလား၊ မရှိဘူးလား မပြောတတ်ပေမဲ့ တစ်ပြည်နယ်လုံးပေါင်းလို့ တစ်ရုံမျှမရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်ဖို့ ညွှန်ကြားစာ ထွက်လာတာကိုတော့ တွေ့မိပါရဲ့။
ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ရောင်းတဲ့သူတွေက ဈေးမတက်ဘဲ ဝန်ထမ်းဆယ်ဂဏန်းနဲ့ အလုပ်လုပ်နေသူတွေက ဈေးနှုန်းတွေ တင်ရောင်းနေကြတာဟာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်သာဖြစ်တယ်။ ပိုက်ဆံရှိတဲ့သူတွေက ဆန်အိတ် ၅အိတ်၊ ဆယ်အိတ် ဝယ်လှောင်ထားနိုင်ပေမဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား အလုပ်သမားတွေမှာတော့ ငတ်ဖို့သာကျန်ပါတော့တယ်။ စီးပွားရေးလုပ်တာ ဆိုပေမဲ့လည်း ကိုယ်ချင်းစာစိတ်ကလေးတော့ ထားကြစေချင်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ အဖက်ဖက်က အကျပ်အတည်းကို ရင်ဆိုင်နေရတာပါ။ တစ်သိန်းခွဲနီးပါး စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေးဟာလည်း အလွန်ပဲ အရေးကြီးလှပါတယ်။ စစ်ဘေးရှောင်တွေအတွက် အစိုးရက ထောက်ပံ့တယ်ဆိုပေမဲ့ မစို့မပို့ အခြေအနေပါ။ အခုအချိန်အထိ ပရဟိတအဖွဲ့တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူခံပြီး ကူညီထောက်ပံ့ပေးနေကြရတာပါ။ အလှူခံလို့ရတဲ့ငွေနဲ့ပဲ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် ဒီလို စားသောက်ကုန်တွေကို ဝယ်ယူပြီး စစ်ဘေးရှောင်စခန်းတွေကို ကူညီထောက်ပံ့ပေးနေရတဲ့ အခြေအနေပါ။ အခုလို စားသောက်ကုန်တွေ ဈေးတက်သွားတော့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးမှာလည်း အရင်ကထက်ပိုပြီး ခက်ခဲသွားပါလိမ့်မယ်။
ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်နေတာဟာ ၁ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တစ်ဖက်မှာ တိုက်ပွဲဖြစ်သလို နောက်တစ်ဖက်မှာလည်း တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရက အေအေကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းလို့ ကြေညာထားတာကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားတဲ့အတွက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ခြေရှိပါတယ်။ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာရင် စစ်ဘေးရှောင်တွေလည်း ထပ်ပြီးတိုးလာမှာပဲ။ ဆိုတော့ ဒီလိုအခြေအနေမှာ စီးပွားရေးသမားတွေအနေနဲ့ ကိုယ်ကျိုးအတွက်ပဲမကြည့်ဘဲ အမျိုးသားရေးအသိစိတ် ရှိပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
အားလုံးကို ရည်ရွယ်ပြီးတော့ ပြောတာမဟုတ်ပါ။ တချို့တွေလည်း နဂိုမူလအတိုင်း ပုံမှန်ဈေးနဲ့ ရောင်းပေးတဲ့လူတချို့တော့ ရှိကြပါတယ်။ ဒီလိုအခြေအနေမှာ အဲဒီလို စိတ်ဓာတ်လေးတွေရှိတာ တွေ့ရတော့ ဝမ်းမြောက်မိတယ်။
တိုင်းပြည်က ပွက်ပွက်ဆူနေတယ်လို့ပဲ ပြောရမလား၊ ကျေးလက်နေ မရှိဆင်းရဲသားတွေက အငတ်ငတ်အပြတ်ပြတ်နဲ့ အမိုးအကာမရှိဘဲ ဒုက္ခဆင်းရဲကို ရင်ဆိုင်နေရချိန်မှာ မြို့ပေါ်နေ ရေပေါ်ဆီလူတန်းစားတွေက အမြတ်ကြီးစားဖို့ စဉ်းစားနေကြတယ်။ လူ့ကျင့်ဝတ်တွေ ဘယ်လောက်တောင် ပျက်စီးနေကြပြီလဲ။ ပြန်လည် စဉ်းစားချင့်ချိန်ကြစေလိုပါတယ်။
တိုက်ပွဲတွေကြားမှာ အသက်လုပြီး ပြေးလွှားနေရသူတွေမှာ လယ်မထွန်ရ၊ ပျိုးမစိုက်ရ၊ စိုက်ဖြစ်လိုက်တဲ့သူတွေမှာလည်း စပါးမရိတ်လိုက်ရ၊ ဒီလိုအခြေအနေမျိုးမှာ ဆန်နှင့် တခြားစားသောက်ကုန်တွေကို ဈေးနှုန်းတင်ရောင်းမယ်ဆိုတဲ့ လူတန်းစားတွေ ရှိနေတာဟာ အတော်လေးကို အရုပ်ဆိုးတယ်လို့ ပြောရပါလိမ့်မယ်။
ရခိုင်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေက COVID-19 ရောဂါထက်ဆိုးပါတယ်။ ဒီရောဂါဖြစ်ရင်တောင် ဆေးဝါးကုသမှု ခံယူလို့ရနိုင်တဲ့ အချိန်ကာလဆိုတာ ရှိပါသေးတယ်။ တစ်နေ့တစ်နေ့ ဘယ်အချိန် ကိုယ့်အိမ်ခေါင်မိုးကို လက်နက်ကြီးကျမလဲလို့ တွေးပူနေရတဲ့လူတွေကို ဒီဗိုင်းရပ်စ်က မခြိမ်းခြောက်နိုင်ပါဘူး။ အဲဒီလူတွေလည်း အင်တာနက် ပိတ်ခံထားရတာကြောင့် ဒီဗိုင်းရပ်စ်အကြောင်းကို သိခွင့်မရှိကြဘူး။ ကမ္ဘာမှာ ဘာဖြစ်နေတယ်ဆိုတာထက် ကိုယ့်ရွာမှာ ဘာဖြစ်နေတယ်ဆိုတာက ပိုပြီးအရေးကြီးတဲ့ အခြေအနေပါ။
လက်ရှိမှာ လူတွေ လုံးဝမနေထိုင်တော့တဲ့ ကျေးရွာတွေဟာ ၅၀-၆၀ အထိ ရှိပါတယ်။ တချို့ စစ်ဘေးရှောင်စခန်းကလူတွေ ပြန်သွားစရာ အိမ်မရှိကြတော့ဘူး။ လယ်လုပ်မယ်ဆိုရင်လည်း ကျွဲတွေနွားတွေက မရှိကြပြန်တော့ဘူး။ နေအိမ်တွေကို လက်နက်ကြီးကျလို့ မီးလောင်၊ ကျွဲ၊နွားတွေမှာ ရောဂါဖြစ်လို့သေ၊ လက်နက်ကြီးကျလို့သေ ဒီလိုအခြေအနေမျိုးမှာ အမျိုးသီလ နှစ်ဌာနကို စောင့်ရှောက်ရမည့် ရခိုင်တွေက ကိုယ့်အချင်းချင်း အမြတ်ကြီးစားလို့ ပျော်နေတာကို ဘယ်လိုနှလုံးသားနဲ့ နားလည်ပေးရမှာလဲ မတေါးတတ်တော့ဘူး။
ပုံမှန်အချိန်တုန်းက တစ်ခုကို ၅၀ ကျပ်သာတန်တဲ့ Mask (နှာခေါင်းစည်း) တစ်ခုဟာ အခုဆိုရင် တစ်ထောင်၊ ထောင့်နှစ်ရာနျင့် ဝယ်သုံးနေကြရတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဆေးရုံဆေးခန်းတွေမှာဆိုရင်လည်း နှာခေါင်းစည်းတွေကို လုံလောက်အောင် ဖြန့်ဝေမပေးနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုယ့်ဘာသာကိုယ် ဈေးကြီးပေးပြီး ဝယ်သုံးနေရတယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာတွေလည်း တွေ့မြင်နေရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုရမည့် ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ဆိုတာလည်း လုံးလုံလောက်လောက် မရှိတာကို တွေ့မြင်နေရပါတယ်။
နိုင်ငံတကာမှာ အနီရောင်အဆင့် တပ်လှန့်သတိပေးထားတဲ့ ဒီရောဂါကို ရခိုင်မှာတော့ သိပ်ပြီးတော့ ထိတ်လန့်တုန်လှုပ်တာမျိုးကို မတွေ့ရပါဘူး။ လူစုလူဝေးတွေ၊ ပွဲလန်းသဘင်တွေ မပြုလုပ်ကြဖို့ ဘယ်လိုပဲ ညွှန်ကြားထားပါစေ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာတော့ စနေ၊ တနင်္ဂနွေလိုနေ့တွေမှာ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်ပွဲတွေကတော့ အရှိန်အနည်းငယ် နှေးသွားတာကလွဲလို့ တော်တော်များများတွေ့မြင်နေရတုန်းပါပဲ။
ဆေးပညာ၊ နည်းပညာ တွေမှာ ထိပ်တန်းရောက်နေတဲ့ နိုင်င့တွေတောင် ဒီကပ်ဆိုးကို ကျော်လွှားဖို့ ဖြေရှင်းချက် မရှိသေးတဲ့အခြေအနေမှာ အဖက်ဖက်က နိမ့်ကျနေတဲ့ ဒီတိုင်းပြည်မှာ ဖြစ်လာရင် ဘုရားတရုံမှတပါး အားကိုးစရာလည်း မမြင်တွေ့မိသေးပါ။ အထူးသဖြင့် ရခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်ဝတို့မှာ နေထိုင်နေကြတဲ့ လူဦးရေ တစ်သန်းကျော်ဟာ အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့် ဒီရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အသိပညာပေးမှုတွေကို သိခွင့်မရကြတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
လူဦးရေ ပြွတ်သိပ်နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်စခန်းတွေဟာဆိုရင် အလွန်ပဲ အန္တရာယ်များတဲ့ အနေအထားပါ။ နောက်တစ်ခုက သင်္ကြန်ကာလရောက်လာတဲ့အတွက် နိုင်ငံရပ်ခြားနဲ့ မြန်မာနိုင်ငံနေရာဒေသ အသီးသီးကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မိမိရပ်ရွာဒေသကို တဖွဲဖွဲ ရောက်လာနေကြပါတယ်။ ရပ်ရွာတချို့မှာတော့ ၁၄ ရက်စောင့်ကြည့်ရေး အစီအမံတွေကို စနစ်တကျ လုပ်နေတာ တွေ့မြင်ရပေမယ့် အများစုမှာတော့ စနစ်တကျ ပြင်ဆင်ထားတာမျိုး မတွေ့သေးပါ။ ဆိုတော့ မပြောကောင်းမဆိုကောင်း ရောဂါပိုးရှိသူတစ်ဦးဦးသာ လူဦးရေ ထူထပ်တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုခုကို ရောက်သွားခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာ အနေအထားပါ။
ဒီတော့ အဖက်ဖက်ကနေ ချွတ်ခြုံကျ၊ ဒုက္ခပင်လယ်ဝေနေတဲ့ ရခိုင်တို့ရဲ့ဘဝကို ရခိုင်တွေက ပိုပြီးတော့ ချစ်ခင်ပေးကြပါ။ ကိုယ့်အချင်းချင်း ခေါင်းပုံဖြတ် အမြတ်ကြီးစားတတ်တဲ့ ချစ်တီးစိတ်ဓာတ်တွေကို လျှော့ချကြပါ။ အချင်းချင်း ကူညီရိုင်းပင်းကြပါ။ တကယ်ဖြစ်လာရင် ပိုက်ဆံရှိတဲ့သူလည်း ခံရမှာပဲ၊ ဆင်းရဲသား ကျောမွဲတွေလည်း ခံရမှာပဲ။ ဘယ်သူ့ ဘယ်သူရယ်လို့ ရွေးပြီး ဖြစ်လာမှာ မဟုတ်တာတော့ သေချာပါတယ်။ အဲဒါကြောင့် တာဝန်ရှိတဲ့ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုယ်ကျိုးရှာ အတ္တသမား ဝိသမလောဘသားတွေ နည်းနိုင်သမျှ နည်းသွားအောင် ဝိုင်းဝန်း ကြပ်မတ် ထိန်းကျောင်းပေးကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။
ရမ္မာကျော်စော