စိုးရိမ်ဖွယ်ရာများကြားမှ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြေပမာဏသည် ယခုအခါ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ် ၁၀ ဘီလီယံ ကျော်ရှိနေပြီဖြစ်သည်။ ၂၀၁၆ နှစ်ကုန်ပိုင်းအထိ ကန်ဒေါ်လာသန်း ၉၀၀၀ ခန့် (၈၉၈၉ ဒဿမ ၉ သန်း) ရှိခဲ့ပြီး ၂၀၁၈ မတ်လကုန်အထိ တစ်နှစ်ကျော်အတွင်း သန်း ၁၀၀၀ ကျော် တိုးလာခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးဝင်းမှ တင်ပြသွားခဲ့သည်။ ထိုအထဲမှ ၄၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ချေးယူထားသည့်ပမာဏဖြစ်သည်။
04 Aug 2018
ဟေမန်ဦး (မင်းပြား) ရေးသားသည်။
မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေး ကို AA အပါအဝင် NCA အဖွဲ့ဝင်များမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အစည်းအဝေး တက်ရောက်နိုင်ရန် တရုတ်နိုင်ငံမှ ပံ့ပိုးပေးခဲ့သည်။
တစ်ဖန် ရခိုင်ပြည်မြောက်ပိုင်းအရေးနှင့်ပက်သက်၍ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) သို့ လွှဲပြောင်းပေးရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ယခုနှစ်ဧပြီလတွင်ဆွေးနွေးကြရာ မြန်မာနိုင်ငံအား တရုတ်မှအကာကွယ်ပေးခဲ့၍ သက်သာခဲ့ရသည်။
ဤသို့သော တရုတ်၏ မြန်မာ့ပြည်တွင်းရေးအထင်ကရ ခြေလှမ်းများသည် တရုတ်အစိုးရပိုင် China International Trust and Investment Corporation (CITIC) ကုမ္ပဏီမှ ဦးဆောင် တည်ဆောက်မည့် ကျောက်ဖြူစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် သေချာစေရန် ထပ်လောင်းတွန်းအားများ ဖြစ်စေခဲ့မည်ထင်ပါသည်။ UCI ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ခေါ် ပိုးလမ်းမ စီမံကိန်းကြီး၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤစီမံကိန်းသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်းမြောက်မြားစွာကို ဆက်သွယ်ဖောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးလုံးပါဝင်မည်ဖြစ်ရာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် ရေလမ်းကြောင်းအတွက် အရေးပါသည့် ဆိပ်ကမ်းတစ်ခုဖြစ် သည်။
စာရေးသူသည် ကျောက်ဖြူဒေသရှိ ဒေသခံများ၏ နစ်နာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ၂၀၁၅ ခုနှစ်မှစ၍ စောင့်ကြည့်မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်လာခဲ့ရာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ဆက်စပ်သည့် ဥပဒေဆိုင်ရာနှင့် မြေပြင်အခြေအနေများကိုလည်း သုတေသပြုလုပ်မှုများလည်း ပါဝင်သည်။
ဤစောင့်ကြည့် မှတ်တမ်းပြုစုမှုများကို အခြေခံလျှက် ယခုဆောင်းပါးတွင် စာရေးသူအနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပက်သက်၍ စိုးရိမ်ဖွယ်ရာဖြစ်နေသည့် ကဏ္ဍသုံးရပ်ကို အဓိကဆွေးနွေးပါမည်။
ပြည်ပ ကြွေးမြေများ
မကြာသေးခင်မှ သိရိလင်္ကာနိုင်ငံရှိ Hambantota ဆိပ်ကမ်းအား တရုတ်အစိုးရပိုင်ကုမ္ပဏီအား နှစ်ပေါင်း ၉၉ နှစ်ပေးအပ်လိုက်ရသည်။ ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ဒေါ်လာ ၁ ဘီယံ ကျော်ခန့်ကုန်ကျခဲ့ပြီး လိုအပ်သည့်ငွေကြေးပမာဏများကို တရုတ်အစိုးရထံမှ ချေးငွေအဖြစ် ရယူခဲ့ခြင်းဖြစ်သည်။ ၎င်းကြွေးမြေများကို ပြန်မပေးဆပ်နိုင်၍ ဆိပ်ကမ်းထိန်းချုပ်မှုအားလုံးကို တရုတ်အား ပေးအပ်လိုက်ရခြင်းဖြစ်သည်။
အလားတူပင် အာဖရိကနိုင်ငံတစ်နိုင်ငံ၏ မြို့တော် Dijibouti သည်လည်းတရုတ်၏ ကြွေးမြေ အန္တရာယ်နှင့် ကြုံနေရသည်။ အဆိုပါ ကိစ္စရပ်များအားတရုတ်၏ ကြွေးမြေထောက်ချောက်အဖြစ် ပြောစမှတ်ပြုကြသည်။
ဤဖြစ်ရပ်များသည် တရုတ်၏ BRI စီမံကိန်းတွင်ပါဝင်သည့် နီပေါ၊ ပါကစ္စတန်နှင့် မလေးရှား စသည့် နိုင်ငံများအနေဖြင့် အဆိုပါ ကြွေးမြေထောင်ချောက်အား အထူးသတိထားနေကြဟန်ရှိ သည်။
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြေပမာဏသည် ယခုအခါ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ် ၁၀ ဘီလီယံ ကျော်ရှိနေပြီဖြစ်သည်။ ၂၀၁၆ နှစ်ကုန်ပိုင်းအထိ ကန်ဒေါ်လာသန်း ၉၀၀၀ ခန့် (၈၉၈၉ ဒဿမ ၉ သန်း) ရှိခဲ့ပြီး ၂၀၁၈ မတ်လကုန်အထိ တစ်နှစ်ကျော်အတွင်း သန်း ၁၀၀၀ ကျော် တိုးလာခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးဝင်းမှ တင်ပြသွားခဲ့သည်။ ထိုအထဲမှ ၄၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ချေးယူထားသည့်ပမာဏဖြစ်သည်။
သမ္မတဦးသိန်းစိန် လက်ထက်တွင်လည်း ၃.၉ ဘီလီယံတန်ဖိုးရှိသည့် မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းအားဆက်လက်ရပ်တန့်ထားလျှင် တရုတ်အား နှစ်စဉ် ဒေါ်လာ သန်း ၅၀ ပေးရမည်ဖြစ်ပြီး စီမံကိန်းအပြီးအပိုင်ဖျက်သိမ်းမည်ဆိုပါက စုစုပေါင်း ဒေါ်လာ သန်း ၈၀၀ ပေးရမည်ဖြစ်သည်။ ယနေ့အချိန်တွင် အဆိုပါကိစ္စအနေဖြင့် မည်သည့် အခြေအနေရှိသည်မှာ ပွင့်လင်းမြင်သာမှုမရှိပါ။ မြစ်ဆုံစီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ အား အလဲအလှယ်များလုပ်ခဲ့လေကြသလား တွေးမိပါ၏။
ကျောက်ဖြူစီမံကိန်းအတွက် ဒေါ်လာဘီလီယံပေါင်း ၉.၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ၇.၅ ဘီလီယံမှာ ရေနက်ဆိပ်ကမ်းအတွက်ဖြစ်ပြီး ကျန် ၂ ဘီလီယံမှာ စီးပွားရေးဇုန်အတွက်ဖြစ်သည်။ ဤမျှလောက်သော ငွေကြေးပမာဏ ရင်းနှီးမြုပ်နံှရန် အမှန်တကယ်လိုအပ်ပါ၏လော NLD ၏ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် စီးပွားရေးပညာရှင် Sean Turnell မှ အဆိုပါ ငွေကြေပမာဏသုံးစွဲမည်ဆိုသည်မှာ ရူးသွပ်မှုဖြစ်ပြီး အဓိပ္ပါယ်မရှိဘူးဟု မှတ်ချက်ပြုထားသည်။
ကျောက်ဖြူစီမံကိန်းအတွက် လိုအပ်သည့်ငွေများကို မည်သည့်နေရာများမှရရှိမည်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှလွဲ၍ အခြားအခွင့်အလမ်မည်မျှပင် ရှိပါမည်နည်း။
စီမံကိန်း၏ကြွေးမြေဆိုင်ရာ ကြီးမားသည့်အန္တရာယ်ကို သက်ဆိုင်ရာမြန်မာအစိုးရတာဝန်ရှိသူများ အနေဖြင့် စိုးရိမ်စိတ်ရှိနေကြသည်ကိုတွေ့ရပြီး အမျိုးမျိုးတုန့်ပြန်ချေပပြောဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှုကော်မရှင် (MIC) ဥက္ကဋ္ဌမှဆိုလျှင် မြန်မာအစိုးရအနေဖြင့် ကြွေးမြေကိစ္စစိတ်ပူစရာမရှိကြောင်း၊ မည်သည့်ချေးငွေများမှလည်း ချေးယူမည်မဟုတ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့ပါသေးသည်။
သို့သော် ဤကြွေးမြေထောင်ချောက်ကိစ္စကို မည်သို့ရှောင်ကွင်းမည်နည်းဆိုသည့် ရှင်းလင်းတိကျသည့် အစီအစဉ်တစ်ရပ်ယခုထိထွက်ပေါ်လာခြင်းမရှိသေးပါ။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးဝင်းမှ စီမံကိန်းအရွယ်အစားအား တတ်နိုင်သမျှ လျော့ချရန် တရုတ်နှင့်တိုင်ပင်ညှိနှိုင်းသွားမည်ဟု Nikkie Asian သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဖက်မှ မည်မျှထိသဘောတူလက်ခံပါမည်နည်း။ ကြောင်သနားမှ ကြွက်သက်သာမည့် အခြေအနေလားဟုပင်တွေးမိပါသည်။
နှစ်နိုင်ငံသဘောတူ စာချုပ်များ
ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် CITIC ကုမ္ပဏီတို့ ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်ရာ ယခုနှစ်တွင် သဘောတူညီမှုများပြီးစီးအောင်ဆောင်ရွက်ရန် မျှော်လင့်ထားကြသည်။ နှစ်နိုင်ငံအကြား စုစုပေါင်းသဘောတူစာချုပ် ၇ ခု ချုပ်ဆိုကြရမည် ဖြစ်သည်။ ဆိပ်ကမ်းအတွက်စာချုပ် ၄ ခုနှင့် စက်မှုဇုန်အတွက် ၃ ခု ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်၊ မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့် ရှယ်ယာဝင်များဆိုင်သည့် သဘောတူစာချုပ်၊ လုပ်ပိုင်ခွင့်ဆိုင်ရာ စာချုပ်စသည်ဖြင့်ပါဝင်သည်။
ဤစာချုပ်ကိစ္စဆွေးနွေးမှုများမှာ ပွင့်လင်းမြင်သာမှုအင်မတန်အားနည်းလှပြီး လွှတ်တော်များမှာ ဝင်ရောက်စွက်ဖက်နိုင်မှု အခြေအနေမှာလည်း အတော်ပင်အကန့်အသတ်ရှိသည့် အခြေအနေရှိ ဟန်တူပါသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အဆိုပါ စာချုပ်များကိစ္စအား လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်းများယနေ့ထိ စာရေးသူ မကြားသိ သေးပါ။ အဆိုပါ စာချုပ်ဆိုင်ရာ ဆုံးဖြတ်ချက်ရလဒ်များသည် များစွာသောပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး၊ အခြေအနေများပေါ်များစွာ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းများ လုံးဝမတွေ့ရပေ။
နှစ်နိုင်ငံအကြားချုပ်ဆိုကြသည့် သဘောတူစာချုပ်များ၏ သဘောသဘာဝများသည် အစိုးရ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် ပြည်သူများ၏ အခွင့်အရေးများနှင့်ဆိုင်သည့် မူဝါဒများ၊ ဥပဒေနှင့် စည်းမျဉ်းများ ပြဌာန်းချမှတ်နိုင်မည့် အခွင့်အရေးများနှင့် လွတ်လပ်မှုအပေါ် များစွာ အကန့်သက်ဖြစ်လေ့ရှိသည်ကို နိုင်ငံတကာဥပဒေပညာရှင်များမှ ထောက်ပြကြသည်။
အဆိုပါစာချုပ်များတွင် နိုင်ငံတွင်းအသစ်ပြဌာန်းသည့်မူဝါဒနှင့် ဥပဒေများကို နိုင်ငံတကာခုံ သမာဓိရုံးများ၌ တရားစွဲဆိုနိုင်စေရန် အခွင့်အလမ်းများပေးထားသည့် ပြဌာန်းချက်များလည်း ပါဝင်လေ့ရှိသည်။
မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုဆိုင်ရာသဘောတူစာချုပ် အားလုံးနီးပါးတွင် အဆိုပါ ပြဌာန်းချက်များကိုတွေ့ရပါသည်။ ၂၀၀၁ ခုနှစ် တရုတ် - မြန်မာ ရင်းနှီးမြုပ်နံှ စာချုပ်တွင်လည်း ဤကဲ့သို့ ပြဌာန်းချက်ပါရှိသည်ကိုတွေ့ရသည်။
နိုင်ငံတကာခုံသမာဓိရုံးများ၌ တရားရင်ဆိုင်သည့်ကိစ္စများမှာ ကုန်ကျစရိတ်များလွန်းလှပြီး အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးကြီမားလေ့ရှိသည်။ ဥပမာအားဖြင့် မကြာသေးခင်ကာလမှ သြစတြေးလျအစိုးရသည် စီးကရက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Phillip Morris နှင့် တရားရင်ဆိုင်မှုတစ်ခု ကြုံခဲ့ရာ သြစတြေးလျအစိုးရမှ အမှုကိစ္စအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀ ကုန်ကျခဲ့ရပါသည်။
သြစတြေးလျအစိုးရ၏ အများပြည်သူကျန်းမာရေးအတွက် ပြဌာန်းသည့် စီးကရက်ဆိုင်ရာ ဥပဒေပြဌာန်းချက်အား Phillip Morris ကုမ္ပဏီမှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကနေဒါနိုင်ငံတွင်လည်း နိုင်ငံခြားရင်းနှီးမြုပ်နံှသူတစ်ဦးမှ အစိုးရအား သဘာဝပတ်ဝန်းကျင်ဆန်း စစ်မှု ကိစ္စတစ်ခုနှင့်ပတ်သက်၍ တရားစွဲခဲ့ရာ ကနေဒါအစိုးရမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကုန်ကျခဲ့ရသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဤကဲ့သို့ သာဓကများစွာရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့ ကိစ္စရပ်များကြုံရလျှင် နိုင်ငံတော်နှင့် ပြည်သူများအတွက် များစွာနစ်နာရ ပါလိမ့်မည်။
ယနေ့ခေတ်အခါတွင် နိုင်ငံများစွာတို့သည် ဤကဲ့သို့ နိုင်ငံတကာခုံသမာဓိရုံးများကို အသုံးပြုခွင့်ပြု ထားသည့် ပြဌာန်းချက်များကို သဘောတူစာချုပ်များတွင် လက်ခံထည့်သွင်းခြင်း ပြုရန်ငြင်းဆန် နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အကူးအပြောင်းကာလကို ဖြတ်သန်းနေသည့်အချိန်အခါဖြစ်သည့်အလျှောက် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအားလုံးအတွက် မူဝါဒများ၊ ဥပဒေများ ပြန်လည်ပြင် ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းတို့ကို များစွာဆက်လက်ဆောင်ရွက်ရအုံးမည်ဖြစ်ရာ ယနေ့အချိန် အခါတွင် မြန်မာအစိုးရအနေဖြင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များအား ပွင့်လင်းမြင်သာ မှုမရှိဘဲ အလျှင်စလိုပြုလုပ်ချုပ်ဆိုခြင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး၊ အာဏာ များအတွက် စိုးရိမ်စရာဖြစ်သည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရှုမြင်မိပါသည်။
ပိုးလမ်းမစီမံကိန်း အငြင်းပွားမှုဆိုင်ရာ တရားရုံးများ
ပိုးလမ်းမစီမံကိန်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းမှု ယန္တရားတစ်ခုတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတရုတ်သံရုံးမှ မြန်မာတိုင်းသတင်းမီဒီယာ အား အတည်ပြုခဲ့သည်။
တရုတ်နိုင်ငံ၏ သတင်းများအရ တရားရုံးနှစ်ရုံးကို စတင်တည်ထောင်ပြီးဖြစ်သည်။ Xi’an နှင့် Shenzhen မြို့များတွင် တစ်ရုံးစီထားရှိမည်ဖြစ်ပြီး ကုန်းလမ်းမပေါ်ရှိ အငြင်းပွါးမှုများနှင့် ရေလမ်းကြောင်းရှိ အငြင်းပွားမှုများကို သီးခြားစီအသီးသီး လက်ခံဖြေရှင်းသွားကြမည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကောင်းမွန်သည့် သတင်းဟုတ်ပါ၏လား။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးနှင့် စက်မှုဇုန်စီမံကိန်းများကြောင့်ကြုံတွေ့ရသည့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပြည်တွင်းတရားရုံးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများမှ တရားမျှတမှုကို ပေးနိုင်စွမ်းများစွာအားနည်းလှပါသည်။ စီမံကိန်းများကြောင့်နစ်နာရသည့် ဒေသခံများအနေဖြင့် တရားရုံးသို့လက်လှမ်းမှီနိုင်ရန်မှာ အခက်အခဲအတားအဆီးများစွာ ကြုံနေကြဆဲဖြစ်သည်။ ထိုအခက်အခဲများတွင် တရားရုံးများ၌ တရားရင်ဆိုင်နိုင်ရန်အတွက် ငွေကြေးနှင့်လမ်းခရီးဆိုင်ရာအခက်အခဲများမှာလည်း အဓိကအချက်များအဖြစ် ပါဝင်နေသည်ကိုတွေ့ရှိရသည်။
ဤကဲ့သို့ အခြေအနေတွင် အဆိုပါစီမံကိန်းကြောင့် ကြုံလာရဖွယ်ရှိသည့် ဒေသခံပြည်သူများ ကြုံလာနိုင်သည့် အခွင့်အရေးချိုးဖောက်မှုနှင့် နစ်နာဆုံးရှုံးမှုများအတွက် တရားမျှတမှုကို တရုတ်နိုင်ငံရှိ တရားရုံးများတွင်ရရှိနိုင်ရန်မှာ အိပ်မက်သဖွယ်ဖြစ်ပေမည်။ လက်လှမ်းမှီ သည်ထားအုံး။ အဆိုပါ တရုတ်နိုင်ငံရှိ တရားရုံးများအနေဖြင့် မည်မျှထိသမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါမည်နည်း။ ဤတရားရုံးအနေဖြင့် တရုတ်နိုင်ငံ၏ ဥပဒေများကို အသုံးပြုမည်လား။ မည်သည့်ဥပဒေများကို အသုံးပြုပါမည်နည်း။ ထို့အတူ စီမံကိန်းတွင် ရင်းနှီးမြုပ်နှံကြမည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် စီမံကိန်းဆိုင်ရာ အငြင်းပွားမှုများအတွက် တရုတ်နိုင်ငံတရားရုံးများ၌ ဆောင်ရွက်ရမည်ဆိုလျှင် ကြီးမားသည့်စိန်ခေါ်မှု တစ်ခုအဖြစ် ရှုမြင်မိပါသည်။
မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ ဆွေနွေးလျှက်ရှိသည့် သဘောတူစာချုပ်များတွင် ဤတရားရုံး များ၏ တရားစီရင်ခြင်းဆိုင်ရာကိစ္စများနှင့်ပက်သက်၍ မည်မျှထိ သဘောတူဆွေးနွေးထားကြပါ သနည်း။ မြန်မာအစိုးရအနေဖြင့် အဆိုပါ တရုတ်တရားစီရင်ရေးအောက်သို့ မကျရောက်အောင် ဆောင်ရွက်နိုင်ပါမည်လား။ စသဖြင့် မေးခွန်းများစွာ ရှိနေပါသည်။
ဤ ပိုးလမ်းမအငြင်းပွားမှုဆိုင်ရာ တရားရုံးများသည် မြန်မာနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အာဏာအား တိုက်ရိုက်ခြိမ်းခြောက်လျှက်နေသည်ဟု သုံးသပ်ရပါမည်။
နိဂုံးချုပ် ဆိုရပါလျှင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် အထက်ပါဆွေးနွေးခဲ့သည့် ကဏ္ဍသုံးခုမှတစ်ဆင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို တိုက်ရိုက်သက်ရောက်မှုရှိနေသည့် စိုးရိမ်ဖွယ်ရာများဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ဦးဟေမာန်ဦး(မင်းပြား) သည် လူ့အခွင့်အရေး သုတေသီ တစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံ Essex တက္ကသိုလ်တွင် Master in Theory and Practice of Human Rights ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါသည်။