- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နောက်ဆုံးသစ်ရွက်
ဖတ်မိထားသည့် ဝတ္တုတိုကလေး တစ်ပုဒ်ဖြစ်ပြီး အမေရိကန်စာရေးဆရာ အိုဟင်နရီ (O.Henry) ၏ The Last Leaf နောက်ဆုံးသစ်ရွက်ဖြစ်ပါသည်။ ထိုဝတ္တုထဲမှ အမျိုးသမီးငယ်နှစ်ဦးမှာ နာမည်ကျော် ပန်းချီဆရာမတွေဖြစ်အောင် ကြိုးစားနေကြသူများဖြစ်သည်။
29 May 2015
ကျောက်ရစ်ကေ (ပုစွန်ဖယ်) ရေးသားသည်။
ဖတ်မိထားသည့် ဝတ္တုတိုကလေး တစ်ပုဒ်ဖြစ်ပြီး အမေရိကန်စာရေးဆရာ အိုဟင်နရီ (O.Henry) ၏ The Last Leaf နောက်ဆုံးသစ်ရွက်ဖြစ်ပါသည်။ ထိုဝတ္တုထဲမှ အမျိုးသမီးငယ်နှစ်ဦးမှာ နာမည်ကျော် ပန်းချီဆရာမတွေဖြစ်အောင် ကြိုးစားနေကြသူများဖြစ်သည်။
ဆောင်းရာသီအရောက်တွင် အမျိုးသမီးနှစ်ဦးအနက် ဂျွန်စီဆိုသော အမျိုးသမီးက နမိုးနီးယားအဖျားရောဂါဖြစ်သည်။ ထိုရောဂါ ပြင်းထန်လာသောကြောင့် ဂျွန်စီက စိတ်တွေ ဖောက်ဖောက်ပြန်ပြန်ဖြစ်လာသည်။ သေတော့မည်ဟုလည်း သူ့ကိုယ်သူထင်နေသည်။ ဆရာဝန်က ဂျွန်စီကျန်းမာရန် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးဖို့လိုသည်ဟု အတူနေအဖော်သူငယ်ချင်းမကို ပြောပြသည်။
ဂျွန်စီက သူ့အိပ်ရာမှ တဘက်နံရံကို မှီတွယ်တက်နေသည့် နွယ်ပင်အိုမှ သစ်ရွက်တွေကြွေပုံကို လှမ်းကြည့်ရင်း စိတ်ဓာတ်တွေ ကျသည်ထက်ကျနေသည်။ ပြင်းထန်သည့် ဆောင်းလေဝှေ့လိုက်တိုင်း နွယ်ပင်အို၏အရွက်တွေ တဖြုတ်ဖြုတ် ကြွေကျနေသည်။ ဂျွန်စီက သစ်ရွက်ဘယ်နှစ်ရွက် ကျန်သေးသလဲဟု ရေတွက်ကြည့်သည်။ သစ်ရွက် ငါးရွက်ပဲကျန်တော့သည်။ ထိုအခိုက် နောက်ထပ်တစ်ရွက် ထပ်ကြွေသွားပြန်သည်။ နွယ်ပင်အိုမှ နောက်ဆုံးတစ်ရွက်ကြွေလျှင် သူလည်းသေတော့မည်ဟု ဂျွန်စီက စိတ္တဇဖြစ်နေသည်။
သူ့သူငယ်ချင်းမလေးက ဂျွန်စီကို မျက်စိတွေမှိတ်ထားဖို့နှင့် ပြတင်းတံခါးမှလှမ်း၍ သစ်ရွက်တွေကိုမကြည့်ဖို့ တောင်းပန်သည်။ အပြင်ကိုကြည့်လျှင် မမြင်ရအောင် လိုက်ကာကိုလည်း ချထားလိုက်သည်။ ဂျွန်စီက နောက်ဆုံးသစ်ရွက်ကြွေတာကို ကြည့်ချင်ပါသည်ဟု တောင်းဆိုမြဲတောင်းဆိုနေသည်။
ထိုပန်းချီဆရာမလေးနှစ်ဦး နေထိုင်သည့် အခန်း၏အောက်ထပ်တွင် ပန်းချီဆရာကြီးတစ်ဦးရှိသည်။ သူ့နာမည်က ဘာရပ်မန်ဖြစ်သည်။ အသက်ခြောက်ဆယ်ကျော်နေပြီ ပန်းချီဆရာကြီးဆိုသော်လည်း ပန်းချီအလုပ်ဖြင့် မအောင်မြင်သူဖြစ်သည်။ ဘာရပ်မင်က အရက်အလွန်အကျွံသောက်တတ်သည်။ မူးပြီဆိုလျှင် ဘာရပ်မန်က ဂန္တဝင်မြောက် ပန်းချီကားတစ်ချပ် ရေးဆွဲတော့မည့်အကြောင်း ပြောလေ့ရှိသည်။ သို့ရာတွင် နှစ်ဆယ့်ငါးနှစ်သာကြာလာသည်။ သူ့ ဂန္တဝင်မြောက်ပန်းချီကားဆိုသည်ကို မရေးဆွဲဖြစ်သေး။
ထိုပန်းချီဆရာကြီး ဘာရပ်မန်ကို ဂျွန်စီစိတ္တဇဖြစ်ပုံအကြောင်းကို ဂျွန်စီ၏သူငယ်ချင်းမလေးက ပြောပြသည်။ ဤစိတ္တဇကြောင့် နောက်ဆုံးသစ်ရွက်ကြွေလျှင် ဂျွန်စီ တကယ်ပင် သေသွားနိုင်ကြောင်း စိုးရိမ်တကြီးဖြင့် ပြောပြသည်။ ထိုနေ့ညက မိုးတွေရွာသည်။ နှင်းတွေလည်းကျသည်။ နွယ်ပင်အိုကြီးမှ သစ်ရွက်တွေ တစ်ရွက်မျှမရှိအောင် ကြွေကျသွားကုန်ကြပြီ။ မနက်မိုးလင်းလာ၍ ဂျွန်စီတစ်ယောက် ပြတင်းမှ လှမ်း၍အကြည့် နောက်ဆုံးသစ်ရွက်ပါ ကြွေသွားပြီဖြစ်သည်ကို မြင်လိုက်ရလျှင်ဟူသော စိုးရိမ်စိတ်ဖြင့် ပန်းချီဆရာကြီး ဘာရပ်မန်သည် ညမှောင်မှောင် မိုးရေထဲနှင်းတွေထဲမှာ မီးအိမ်တစ်လုံးကိုဆွဲ ပန်းချီဆေးပစ္စည်းတွေပါ သယ်ယူ နံရံကို လှေကားထောင်တက်ပြီး နွယ်ပင်အိုမှ နောက်ဆုံးကြွေသွားသည့် သစ်ရွက်နေရာ၌ မူလကသစ်ရွက်အတိုင်း ပန်းချီရေးဆွဲခဲ့သည်။
နောက်တစ်နေ့ နံနက်၌ ဂျွန်စီက သူ့သူငယ်ချင်းမလေးကို ပြတင်းလိုက်ကာ ဖယ်ပေးဖို့ခိုင်းသည်။ သစ်ရွက်ကလေး ကျန်သေးသလားဟု သူကြည့်ချင်၍ဖြစ်သည်။ လိုက်ကာဖယ်လိုက်တော့ နွယ်ပင်အိုတွင် သစ်ရွက်တစ်ရွက် ကျန်နေသည်ကို ဂျွန်စီမြင်နေရသည်။
ဂျွန်စီက ဤသစ်ရွက်ဟာ နောက်ဆုံးသစ်ရွက်ကလေး။ ညက ဒီသစ်ရွက်ကလေး ကြွေသွားပြီလို့ထင်နေတာ။ လေတွေထန်နေတာ။ မိုးတွေသည်းနေတာ။ ငါညက ကြားနေရတာပဲ။ ဒီနေ့တော့ ဒီသစ်ရွက်ကလေး ကြွေမယ်ထင်တယ်။ ငါလည်း ဒီသစ်ရွက်ကလေး ကြွေတာနဲ့ သေမှာပဲဟုဆိုသည်။
တစ်နေ့ကုန်သွားသည်။ နေဝင်၍ မှောင်ရီဝိုးဝါး၌ပင် တစ်ခုတည်းသော သစ်ရွက်ကို မြင်နေရသေးသည်။ သစ်ရွက်ကလေးက ရှိနေဆဲပင်ဖြစ်သည်။ ဂျွန်စီက သစ်ရွက်ကလေးကို အကြာကြီးငေးကြည့်နေသည်။ ပြီးတော့မှ သူ့သူငယ်ချင်းမလေးကို ဂျွန်စီက ငါတကယ်ဆိုးခဲ့တာပဲ။ ငါဘယ်လောက် ဆိုးတယ်ဆိုတာကို သိအောင် ဒီသစ်ရွက်ကလေးကို တစ်စုံတစ်ခုက မကြွေအောင် လုပ်ထားတာဖြစ်မှာပဲ။ ငါမှားပါတယ်။ ငါ သေချင်နေတာဟာ တကယ်မှားတယ်ဟုဆိုသည်။
ဂျွန်စီ တဖြည်းဖြည်း ကျန်းမာလာသည်။ ဂျွန်စီကျန်းမာလာသော်လည်း သူ့အတွက်နောက်ဆုံးသစ်ရွက်ကို မိုးတွေလေတွေ နှင်းတွေထဲမှာ ပန်းချီတက်ဆွဲပေးခဲ့သော ပန်းချီဆရာကြီး ဘာရပ်မန်ကတော့ အအေးမိပြီး နှစ်ရက်အတွင်းမှာပင် သေဆုံးသွားရှာသည်။ သို့ရာတွင် နောက်ဆုံးသစ်ရွက်သည် ဘာရပ်မန်၏ တကယ့်ဂန္တဝင်မြောက် အနုပညာလက်ရာ ဖြစ်ခဲ့ပါလေသည်။
နောက်ဆုံးသစ်ရွက် The Last Leaf ဝတ္တုတိုကလေးထဲက ဇာတ်ကောင်တွေကို တကယ့်ဘဝထဲက တကယ့်ဇာတ်ကောင်များအဖြစ် သဘောထား၍ သူတို့၏ စိတ်သဘာဝတွေအကြောင်းကို ကျွန်တော်ကြည့်သည်။ ဂျွန်စီမြင်နေရသော နောက်ဆုံးသစ်ရွက်သည် တကယ်တော့ တကယ့်သစ်ရွက်မဟုတ်။ ပန်းချီဆရာကြီး ဘာရပ်မန် တပင်တပန်း လှေကားထောင်တက်ပြီး ရေးဆွဲခဲ့သော အရုပ်သစ်ရွက်မျှသာဖြစ်သည်။ ထိုအရုပ်သစ်ရွက်ကို သို့မဟုတ် သစ်ရွက်အတုကို ဂျွန်စီက အရုပ်မှန်းမသိ၊ အတုမှန်းမသိ၊ တကယ့်သစ်ရွက်ဟုပင် ထင်မြင်နေသည်။ ထိုသို့ အတုမှန်းမသိခြင်းသည်ပင် ဂျွန်စီကျန်းမာလာဖို့ စိတ်ထားပုံမှန်ဖြစ်လာဖို့ ဖန်တီးပေးရာရောက်နေသည်။
ထို့ကြောင့် ဂျွန်စီအတွက်တော့ မသိတာပဲ ကောင်းပါတယ်ဟု ပြောရမည်ကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်ပင် Ignorance is Bliss ဟူသော အဆိုကို မသိတာပဲကောင်းတယ်ဟု ပြန်ဆိုမိခဲ့ခြင်းဖြစ်ပါသည်။
ပန်းချီဆရာကြီး ဘာရပ်မန်သည်လည်း အကယ်၍ ဂျွန်စီတကယ်သေမှာ မဟုတ်ဘူးဟုသိနေလျှင် နောက်ဆုံးသစ်ရွက်ပန်းချီကို ဆွဲဖြစ်ချင်မှ ဆွဲဖြစ်မည်။ ဂျွန်စီတကယ် မသေမှန်းမသိ၍သာ နောက်ဆုံးသစ်ရွက်ကို မိုးထဲလေထဲ နှင်းတွေထဲမှာ မီးအိမ်ရော ပန်းချီဆေးပစ္စည်းတွေနှင့်ပါ ခက်ခက်ခဲခဲ လှေကားထောင်တက်ပြီး နောက်ဆုံးသစ်ရွက်ကို ဂျွန်စီအတွက် စေတနာအပြည့်ဖြင့် အသက်နှင့်လဲကာ ရေးဆွဲဖြစ်သွားခြင်းဖြစ်နိုင်သည်။
ဂျွန်စီအပေါ် ထားရှိသော ဘာရပ်မန်၏ စေတနာမေတ္တာသည် ချီးမွန်းမကုန်နိုင်သည့် စေတနာမေတ္တာ ဖြစ်နိုင်ပါသည်။ “ မသိတာပဲ ကောင်းတယ် ” ဟူူသော ဘာသာပြန်ဆိုချက်မှ ဆက်၍ လူကိုဖန်ဆင်းရာမှာ သေနေ့ကို အတိအကျထည့်ပြီး ဖန်ဆင်းထားမှန်း မသိတာဟာ ကောင်းတယ်ဟု တွေးမိပါသည်။ အကယ်၍ မိမိ သေမည့်နေ့ကို အတိအကျသိနေလျှင် သူသည်လူ့လောက၌ နေပျော်ပါ့မလား။ “ သေခြင်းတရား ဖန်ဖန်ပွားငြိမ်းမုန်းမာနမီး ” ဟူသော စကားအတိုင်း သေနေ့သို့နီးလာလေ သေခြင်းကို အမှတ်ရမှုများလာလေ၊ မာနတရား ကောင်းလာလေလေ။ ထိုအခါ လူသတ္တဝါတို့အပေါ် မေတ္တာထားမှုတွေ ပိုလာလေလေ ဖြစ်လေမည်လား သို့မဟုတ် သေရက်နီးလာလေ သေရမည့်အတူတူ မသေခင်အဖြစ်နိုင်ဆုံး လောကီအာရုံ ကာမဂုဏ်တို့ကို မသေမီခံစားသွားမည်ဟု အကြံဖြစ်မည်လား။ ထိုလောကီအာရုံ ကာမဂုဏ်တို့ကို ခံစားနိုင်ရေးအတွက် မဟုတ်မတရား စီးပွားရှာမှုတွေကို ပို၍လုပ်လေမည်လား။ ဤအရပ်၌ မိုးရာသီပတ်လုံး ငါနေမည်။ ဤအရပ်၌ ဆောင်းရာသီပတ်လုံး ငါနေမည်။ ဤအရပ်၌ နွေရာသီပတ်လုံး ငါနေမည်ဟူ၍ လူမိုက်သည် အထူးအထွေကြံစည်၏။ ဘယ်အခါဘယ်အရပ်၌ ငါသေမည်ဟူ၍ မိမိအသက်အန္တရာယ်ကိုမူကား မသိရှာဟူသော စကားကိုကြားဖူးပါသည်။
သေနေ့သေချိန်ကို တကယ်မသိသောကြောင့်သာ မျှော်လင့်ချက်ကိုယ်စီဖြင့် လူအများတို့ သွားလာလှုပ်ရှား ရုန်းကန်နေနိုင်ခြင်း ဖြစ်ပါလိမ့်မည်။ ထိုသူထိုသူတွေအတွက် သေနေ့သေချိန်ကို အတိအကျမသိခြင်းသည် ကောင်းပါလိမ့်မည်။
(ဤဆောင်းပါးကို ၂၀၁၅ ခုနှစ် ၊ မေလ ၁၅ ရက်နေ့ထုတ် Development News Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)